
ဂျပန်အမျိုးသမီးတယောက်ဟာ သူနဲ့အတူနေတဲ့ အခန်းဖော်အမျိုးသမီးရဲ့ နှုတ်ခမ်းတွေကို အပ်နဲ့ ချုပ်ပစ်ခဲ့တဲ့အတွက် ဖမ်းဆီးခံလိုက်ရပြီး ဒီလုပ်ရပ်ကြောင့် အဆိုပါအမျိုးသမီးဟာ စားသောက်လို့မရသလို စကားလည်း မပြောနိုင်တော့တဲ့အကြောင်း The Independent News သတင်းမှာ ဇူလိုင် ၈ ရက်က ဖော်ပြပါတယ်။
အသက် ၄၉ နှစ်အရွယ် မာဆာအဲဆာကူရိုင်း အမည်ရ အချိန်ပိုင်းအလုပ်သမား အမျိုးသမီးကို ပြီးခဲ့တဲ့ တနင်္လာနေ့က တိုကျိုမြို့ရဲ့ အရှေ့မြောက်ဘက် အီဘာရာကီစီရင်စု၊ ကိုဂါမြို့မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဆာကူရိုင်းဟာ ဇွန် ၂၉ ရက် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခွဲ လောက်မှာ အပ်နဲ့ ချည်ကို သုံးပြီး အသက် ၄၂ နှစ်အရွယ် အခန်းဖော်အမျိုးသမီးရဲ့ နှုတ်ခမ်းတွေကို ချုပ်ပစ်ခဲ့တာလို့ သိရပါတယ်။
ဆာကူရိုင်းက အဲဒီလုပ်ရပ်ကို ဝန်ခံခြင်း ရှိ၊ မရှိကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။
ဒါပေမဲ့ ဒီအဖြစ်အပျက်ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ နောက်ကွယ်က အခြေအနေတွေကို စုံစမ်းနေသလို သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကိုလည်း စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Japan Today သတင်းမှာ ဖော်ပြထားချက်အရ အဲဒီအမျိုးသမီးဟာ နောက်တရက် မွန်းလွဲ ၁ နာရီခွဲ လောက်မှာ ဆာကူရိုင်း အိမ်မှာမရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ထွက်ပြေး လွတ်မြောက်လာခဲ့တာလို့ ဆိုပါတယ်။
သူဟာ မျက်နှာဖုံး Mask အဖြူရောင်ကို တပ်ထားပြီး အနီးနားက ဆိုင်တဆိုင်ဆီ ပြေးသွားခဲ့ပြီး ဒဏ်ရာကြောင့် စကားမပြောနိုင်တဲ့အတွက် ဆိုင်ဝန်ထမ်းကို ကျေးဇူးပြုပြီး ကူညီပေးပါလို့ ရေးထားတဲ့ စာရွက်ကို ပေးခဲ့တာကြောင့် အဲဒီဝန်ထမ်းက ရဲတပ်ဖွဲ့ကို ချက်ချင်း အကြောင်းကြားပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမျိုးသမီးက သူ အစောကြီးကတည်းက မထွက်ပြေးနိုင်ခဲ့တာဟာ ဆာကူရိုင်းကို ကြောက်နေရလို့ ဖြစ်ကြောင်း ရဲတွေကို ပြောပြပါတယ်။
Kyodo သတင်းတပုဒ်မှာတော့ သူတို့နှစ်ယောက်ဟာ ၂၀၂၅ ခုနှစ် ဧပြီလလောက်ကတည်းက ဆာကူရိုင်းရဲ့အိမ်မှာ အတူနေထိုင်ခဲ့ကြတာဖြစ်ကာ အဲဒီအိမ်မှာ တခြားသူတွေလည်း နေထိုင်နေကြတာဖြစ်လို့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းရဲ့ အစိတ်အပိုင်းတခုအနေနဲ့ သူတို့ကိုလည်း စစ်ဆေး မေးမြန်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီအဖြစ်အပျက် ဖြစ်ပွားနေချိန်မှာ တခြားသူတွေလည်း အနားမှာ ရှိနေနိုင်တဲ့ ဖြစ်နိုင်ခြေကို ရဲတပ်ဖွဲ့က ထည့်သွင်းစဉ်းစားထားတယ်လို့ ဆိုပါတယ်။
ဆာကူရိုင်းရဲ့ မိတ်ဆွေတွေက TV Asahi သတင်းရုပ်သံကို ပြောပြတာမှာတော့ သူဟာ အိမ်ကနေ ထွက်လာတဲ့သူတွေကို သူ့အိမ်မှာ ခေါ်ထားလေ့ရှိပြီး အလုပ်အကိုင်ရအောင်လည်း ကူညီပေးလေ့ရှိသူ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း ဒီအိမ်မှာ အချိန်အမျိုးမျိုးမှာ လူအတော်များများ နေထိုင်ခဲ့ကြပုံရတယ်လို့ ဆိုပါတယ်။
Source: The Independent










