
အမေရိကန်တရားရေးဝန်ကြီးဌာနက အိန္ဒိယ ဘီလီယံနာ ဂေါက်တမ် အဒါနီအပေါ် စွဲဆိုထားတဲ့ လိမ်လည်မှုနဲ့ လာဘ်ပေးလာဘ်ယူမှု ရာဇဝတ်မှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဩဂုတ် ၁၀ ရက်မှာ ကုဋေကြွယ်သူဌေး အဒါနီရဲ့ အမှုတွေကို အမေရိကန် တရားသူကြီးတယောက်က ပယ်ဖျက်လိုက်ပါတယ်။
ဘရွတ်ကလင်း အခြေစိုက် အမေရိကန် ခရိုင်တရားသူကြီး နီကိုလတ်စ် ဂရောက်ဖစ္စက အစိုးရရှေ့နေတွေရဲ့ အမှုရုပ်သိမ်းခွင့် တောင်းဆိုမှုကို လက်ခံပေးခဲ့တာပါ။
အဒါနီဟာ သူ့ကုမ္ပဏီ လက်အောက်ခံ အဖွဲ့အစည်းတခု နေရောင်ခြည်စွမ်းအင်သုံး စက်ရုံ တည်ဆောက်ခွင့် ရရှိဖို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေကို လာဘ်ထိုးခဲ့ရုံမက အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေကိုလည်း မဟုတ်မမှန် သတင်းအချက်အလက်တွေပေးပြီး လှည့်ဖြားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၄ ခုနှစ်မှာ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
အမှုပယ်ဖျက်ခံရတာနဲ့ ပတ်သက်လို့ အဒါနီက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနဲ့ အမှန်တရားနဲ့ တရားဥပဒေစိုးမိုးမှုအပေါ် ယုံကြည်မှု မပျက်ခဲ့သလို ယုံကြည်ပေးခဲ့ကြသူတွေ ကိုလည်း ကျေးဇူးတင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အဒါနီက သူ့ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အခြေအနေဟာ ခိုင်မာနေပြီးတော့ အကြွေးတွေကို လည်း အပြည့်အဝ ပြန်ဆပ်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းလည်း ရှိတယ်လို့ ဆိုပါတယ်။
နောက် ၅ နှစ်အတွင်း အိန္ဒိယနိုင်ငံ၊ ဂူဂျရတ်ပြည်နယ်မှာ ဒေါ်လာ ၂၄ ဘီလီယံ (ရူပီး ၂ သိန်းကုဋေ) ရင်းနှီးမြှုပ်နှံပြီး အလုပ်အကိုင် တသိန်းကျော် ဖန်တီးပေးသွားမယ်လို့လည်း သတင်းထုတ်ပြန် ထားပါတယ်။
အမှုမဖြစ်ခင် ၂၀၂၄ နိုဝင်ဘာတုန်းကလည်း အဒါနီဟာ အမေရိကန်မှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုထားခဲ့ပါသေးတယ်။
Source: Reuters











