
HIV ဟာ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကျန်းမာစေဖို့နဲ့ ရောဂါတွေ အလွယ်တကူ ဖြစ်မလာအောင် ခုခံတားဆီးပေးနိုင်တဲ့ CD4 ဆဲလ်တွေကို အဓိက ဖျက်ဆီးပါတယ်။ တခြားသော ရောဂါပိုးတွေနဲ့ မတူဘဲ HIV ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံအားစနစ်က တိုက်ဖျက်လို့ မရပါဘူး။
HIV ပိုးဟာ သွေးကနေတဆင့် ကူးစက်နိုင်သလို၊ ရောဂါပိုးရှိတဲ့ မိခင်ကနေလည်း ကလေးကို ကူးစက်နိုင်ပါတယ်။ အများဆုံး ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ သုက်၊ သွေးတွေဟာ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီး ကူးစက်နိုင်ပါတယ်။
HIV ပိုးကူးစက်ခံရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။
ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေဟာ လူတဦးနဲ့တဦး မတူညီနိုင်ပါဘူး။ တချို့တွေမှာ ရောဂါလက္ခဏာတွေ အမျိုးမျိုး ပြနိုင်သလို လက္ခဏာလုံးဝမပြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်က လိင်အပျော်အပါး လိုက်စားတတ်တဲ့သူ၊ တဦးထက်ပိုတဲ့ လိင်ဆက်ဆံဖော်တွေ ရှိတယ်ဆိုရင် ၃ လ တကြိမ် သွေးစစ်ပါ။ လိင်ဆက်ဆံတဲ့အခါမှာလည်း အကာအကွယ်ကို အမြဲသုံးပေးပါ။
HIV ပိုး ကူးစက်ခံရပြီးနောက် ပထမအဆင့် လက္ခဏာတွေက ဘာတွေလဲ။
HIV ပိုး ကူးစက်ခံရပြီး ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ အအေးမိတုပ်ကွေးနဲ့ ရောဂါလက္ခဏာချင်း ဆင်တူတဲ့ ရှေ့ပြေးလက္ခဏာတွေကို တွေ့ရပါတယ်။ HIV ပိုး ကူးစက်ခံရတဲ့ ပထမအဆင့်မှာ အများဆုံး တွေ့ရတဲ့ လက္ခဏာတွေကတော့
- ကိုယ်ခန္ဓာမှာ အဖုအပိန့်ထွက်တာ၊
- အပြင်းဖျားတာ၊
- လည်ချောင်းနာတာ၊
- ပြင်းပြင်းထန်ထန် ခေါင်းမူးတာတို့ပဲ ဖြစ်ပါတယ်။
ဒီလို လက္ခဏာတွေအပြင် တွေ့နိုင်ခြေနည်းတဲ့ ရောဂါလက္ခဏာတွေကတော့
- အလွန်အမင်းမောပန်းတာ၊
- ခံတွင်း ဒါမှမဟုတ် လိင်အင်္ဂါပတ်လည်မှာ ulcer လို အနာပေါက်တာ၊
- ကြွက်သား နာကျင်ကိုက်ခဲတာ၊
- အရိုးအဆစ်ကိုက်တာ၊
- မူးဝေအော့အန်တာ၊
- ညအိပ်နေရင်း ချွေးထွက်တာတို့ပဲ ဖြစ်ပါတယ်။
HIV ပိုး ကူးစက်ခံရပြီး ဖြစ်ပေါ်လာတဲ့ ဒီရှေ့ပြေးလက္ခဏာတွေဟာ တပတ်ကနေ ၂ ပတ်အထိ ကြာနိုင်ပါတယ်။ ပုံမှန်အားဖြင့် တုပ်ကွေး၊ အအေးမိတဲ့ ရောဂါလက္ခဏာနဲ့ ဆင်တူပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုးကူးစက်ခံရပြီလို့ သံသယရှိရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးမှု ခံယူရပါမယ်။
HIV ပိုး ကူးစက်ခံရပြီး ဒုတိယအဆင့်
ပိုးကူးစက်ခံရပြီး ပျမ်းမျှအားဖြင့် တလအတွင်းမှာ ရှေ့ပြေးလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒီလက္ခဏာတွေ ပျောက်ကင်းသက်သာပြီး နောက် လတွေ နှစ်တွေနဲ့ချီပြီး တခြားသော လက္ခဏာတွေ ထပ်ပြီး မဖြစ်လာပါဘူး။ ဒီအဆင့်မှာ တခြားသော ရောဂါလက္ခဏာတွေ မပြသေးပေမယ့် HIV ဗိုင်းရပ်စ်ပိုးဟာ ကိုယ်ခန္ဓာထဲမှာ အလျင်အမြန် ပွားများနေပါတယ်။ ဒါ့အပြင် တခြားသော ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း အလွယ်တကူ ဝင်လာစေနိုင်ဖို့အတွက် CD4 လို့ ခေါ်တဲ့ ကိုယ်ခံအားစနစ်ထဲက ဆဲလ်တွေကို တိုက်ခိုက်နေပါပြီ။ ဒါကြောင့် ကိုယ့်မှာ ဘယ်လိုရောဂါလက္ခဏာမှ မပြသည့်တိုင်အောင် ကျန်းမာရေးကို အမြဲစစ်ဆေးနေဖို့ လိုအပ်ပါတယ်။
HIV ပိုး ကူးစက်ခံရပြီး တတိယအဆင့်
ကုသမှုမရှိတဲ့ သူတွေမှာ HIV ပိုးက အနှေးနဲ့အမြန် ကိုယ်ခံအားစနစ်ကို ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် ၃ လတကြိမ် သွေးစစ်ဖို့ လိုအပ်ပြီး ကိုယ့်မှာ ရောဂါပိုးရှိလာရင်လည်း HIV ဗိုင်းရပ်စ်ပိုးကို မပြန့်ပွားအောင် ထိန်းပေးနိုင်မယ့် ဆေးတွေကို နေ့စဉ် အချိန်မှန် မပျက်မကွက် သောက်ပေးဖို့ လိုအပ်ပါတယ်။
ဒီလိုမျိုး ကုသမှုမခံယူတဲ့ သူတွေမှာ တတိယအဆင့်အနေနဲ့ HIV ရဲ့ နောက်ဆုံးအဆင့် တနည်းအားဖြင့် ခုခံအားကျဆင်းမှုရောဂါဖြစ်တဲ့ AIDS ရောဂါအခြေအနေကို ရောက်ရှိလို့လာပါပြီ။ ဒီအဆင့်ကိုရောက်နေတဲ့ ပိုးကူးစက်ခံရသူတွေမှာ ကိုယ်ခံအားစနစ်ဟာ ဆိုးရွားစွာ ထိခိုက်နေမှာဖြစ်ပြီး တခြားသော ရောဂါတွေ ဝင်လာနိုင်ခြေ အလွန်မြင့်လာပါတယ်။ သာမန်လူတွေမှာ အလွယ်တကူ တိုက်ခိုက်နိုင်တဲ့ ရောဂါပိုးတွေတောင်မှ HIV ပိုးကြောင့် ကိုယ်ခံအားနည်းနေတဲ့ သူတွေအတွက် အလွန်အန္တရာယ်ရှိပါတယ်။
ဒီအဆင့်မှာ မကြာခဏ အအေးမိ၊ ဖျားနာမယ်၊ မှိုရောဂါတွေ ဖြစ်လွယ်မယ်။ တခြားသော လက္ခဏာတွေအနေနဲ့
- မူးဝေအော့အန်တာ၊
- ဆက်တိုက် ဝမ်းလျှောတာ၊
- နာတာရှည် ဖျားနာတာ၊
- ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းတာ၊
- ချောင်းမကြာခဏဆိုးတာ၊
- အသက်ရှူမဝတာ၊
- ဖျားနေချိန် ကိုယ်လက်ချမ်းတုန်တာ၊ ညဘက်တွေမှာ ချွေးထွက်တာ၊
- ကိုယ်ခန္ဓာအနှံ့၊ ခံတွင်း၊ နှာခေါင်း၊ လိင်အင်္ဂါမှာ အဖုအပိန့်တွေ၊ အနာတွေ ဖြစ်တာ၊
- မှတ်ဉာဏ်ချို့ယွင်းတာ၊ မကြာခဏမေ့တတ်တာ၊ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်တာ အစရှိတဲ့ လက္ခဏာတွေကို HIV ရဲ့ နောက်ဆုံးအဆင့်မှာ တွေ့နိုင်ပါတယ်။
HIV နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အရာတွေ။
HIV ရောဂါပိုးဟာ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ကူးစက်နိုင်ပါတယ်။ သွေး၊ သုက်ရည်၊ မိန်းမကိုယ်က ထွက်တဲ့ အရည်တွေကို ထိတွေ့မိရာကနေ ကူးစက်နိုင်တယ်။ ကွန်ဒုံးမသုံးဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို တဦးထက်ပိုပြီး ဝေမျှသုံးစွဲရာကနေ ကူးစက်နိုင်ပါတယ်။ အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုပ်တာ၊ တံတွေးကနေတဆင့် HIV ပိုး မကူးစက်နိုင်ပါဘူး။
ကိုယ်ဟာ လိင်မှုကိစ္စမှာ တက်ကြွတဲ့သူဆိုရင် HIV ရောဂါပိုး ကူးစက်နိုင်ပုံ၊ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေ၊ ရောဂါပိုးကို ထိန်းပေးထားနိုင်တဲ့ နည်းလမ်းတွေကို သိထားဖို့ လိုအပ်သလို ၃ လတကြိမ် သွေးပုံမှန်စစ်ပေးဖို့ လိုအပ်ပါတယ်။ ပိုးကူးစက်ခံရတဲ့အခါမှာလည်း ဆရာဝန်က ပေးတဲ့ ပိုးထိန်းဆေးတွေကို နေ့စဉ်အချိန်မှန် သောက်ပေးပါ။ ကျန်းမာပြီး အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း အားကစားလုပ်ပါ။ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ဆေးကိုသာ ဂရုတစိုက် သောက်မယ်ဆိုရင်တော့ HIV ပိုးရှိနေတဲ့သူ ဖြစ်နေရင်တောင် သာမန်လူတွေလို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်သွားနိုင်ပါတယ်။
ရေးသားသူ Ye Myo Myat.
ဆးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။











