ယူကရိန်းစစ်ပွဲကို ဆန့်ကျင်တဲ့ ရုရှား ယာဘလိုကိုပါတီရဲ့ ဒုတိယခေါင်းဆောင် မက်ခ်စင်မ် ခရူဂလော့ဗ်ဟာ ရုရှားစစ်တပ်အကြောင်း သတင်းအမှားတွေ ဖြန့်ဝေမှု စွဲချက်နဲ့ ဇွန် ၂၄ ရက်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ထောင်ဒဏ် ၇ နှစ် ကျခံလိုက်ရပါတယ်။
သူကတော့ ဒီစီရင်ချက်ဟာ လူထုကြားထဲမှာ သဘောထားကွဲလွဲ ဆန့်ကျင်တာကို တရားမဝင်ဖြစ်အောင် လုပ်လိုက်တာပဲလို့ ပြောဆိုပါတယ်။
မော်စကိုမြို့တော် လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် မက်ခ်စင်မ် ခရူဂလော့ဗ်ဟာ ရုရှားက ယူကရိန်းထဲကို စစ်သည်အင်အားသောင်းချီ စေလွှတ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက တယ်လီဂရမ် လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ ပို့စ် ၂ ခုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ အဖမ်းခံခဲ့ရတာပါ။
သူ့ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ မျှော်လင့်ထားတဲ့ လွှတ်တော်ရွေးကောက်ပွဲကျင်းပဖို့ ၂ လလောက် အလိုမှာပဲ အဖမ်းခံရတာ ဖြစ်ပါတယ်။
ရုရှားအစိုးရကတော့ အနောက်အုပ်စုနဲ့ ဖြစ်ပွားနေတဲ့ တည်ရှိမှုဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုလို့ ခေါ်ဆိုတဲ့ကာလအတွင်း ရုရှားနိုင်ငံကို စည်းလုံးညီညွတ်နေစေဖို့အတွက် တင်းကျပ်တဲ့ ဆင်ဆာဖြတ်တောက်မှု ဥပဒေတွေ လိုအပ်တယ်လို့ ပြောပါတယ်။
အမှုမှာ ကိုးကားထားတဲ့ ပို့စ်တွေထဲက တခုကတော့ ပဋိပက္ခအတွင်း သေဆုံးသူဦးရေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အချက်အလက်တွေကို ရည်ညွှန်းထားတာဖြစ်ပြီး နောက်တခုကတော့ ၂၀၂၂ ခုနှစ် မတ်လအတွင်း ကိယက်ဗ်မြို့တော်အနီးက ဘူချာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်း ဖြစ်ပါတယ်။
ယူကရိန်းနဲ့ သူ့ရဲ့ မဟာမိတ်တွေက ရုရှားစစ်တပ်တွေဟာ အဲဒီမှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တယ်လို့ ပြောကြပြီး မော်စကိုကတော့ ဒါဟာ လုပ်ကြံဖန်တီးထားတဲ့ ဖြစ်ရပ်လို့ ငြင်းဆန်ထားပါတယ်။
ခရူဂလော့ဗ်က သူ့မှာ အပြစ်မကျူးလွန်ထားဘူးလို့ ထုချေခဲ့ပြီး ဒါက အာဏာပိုင်တွေအနေနဲ့ သူတို့နဲ့ သဘောထားမတိုက်ဆိုင်သူ ဘယ်သူ့ကိုမဆို သည်းခံမှုမရှိဘူး ဆိုတာကို အခုအမှုက သက်သေပြနေတယ်လို့ တရားရုံးမှာ ပြောပါတယ်။
ခရူဂလော့ဗ်က သူ့ရဲ့ပို့စ်တွေဟာ နိုင်ငံရေးအရ မုန်းတီးမှုကြောင့် တင်ခဲ့တာဆိုတဲ့ တရားလိုပြ ရှေ့နေတွေရဲ့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး သူ့ရဲ့သက်တမ်းတလျှောက်လုံးဟာ ရုရှားနိုင်ငံသားတွေရဲ့ ဘဝတိုးတက်ဖို့အတွက်ပဲ မြှုပ်နှံခဲ့တာလို့ ပြောပါတယ်။
ယာဘလိုကို ပါတီရဲ့ ခေါင်းဆောင် နိကိုလိုင် ရိုင်ဘာကော့ဗ် ကတော့ ဒီစီရင်ချက်ဟာ မတရားဘူးလို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
အစိုးရရဲ့ လူထုဆန္ဒကောက်ယူရေးအဖွဲ့ရဲ့ ဒီလအတွင်း စစ်တမ်းအရ ယာဘလိုကို အပါအဝင် လွှတ်တော်ပြင်ပက ပါတီတွေကို ထောက်ခံမှုနှုန်းဟာ ၆ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိပြီး ၃ ပုံ ၂ ပုံကျော်ကတော့ လက်ရှိအာဏာရ ယူနိုက်တက် ရုရှားပါတီလို ကရင်မလင် လိုလားတဲ့ ပါတီတွေကိုပဲ ထောက်ခံကြပါတယ်။
ခရူဂလော့ဗ်ကတော့ သူဟာ စစ်ပွဲကို ဆက်လက်ဆန့်ကျင်နေဆဲဖြစ်ပြီး တနေ့မှာ ရုရှားနိုင်ငံဟာ ငြိမ်းချမ်းတဲ့နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
Source: Reuters










