DVB Logo
Home
မြန်မာသတင်း
Great Well ဖိနပ်စက်ရုံက အလုပ်ထုတ်ခံ အလုပ်သမားများကို နစ်နာကြေးပေးရန် သဘောတူ
DVB
·
November 15, 2018
Great Well ဖိနပ်စက်ရုံက အလုပ်ထုတ်ခံ အလုပ်သမားများကို နစ်နာကြေးပေးရန် သဘောတူ
Donate to DVB

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်မှာရှိတဲ့ Great Well ဖိနပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို နစ်နာကြေးပေးလျှော်ဖို့ သဘောတူညီမှုရှိခဲ့တယ်လို့ အလုပ်သမားခေါင်းဆောင်က ပြောပါတယ်။

သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ ၁လခွဲကျော် ကြာနေပြီဖြစ်တဲ့ Great Well စက်ရုံက အလုပ်သမား ၇၆ ဦးဟာ ၃လစာအတွက် လုပ်ခလစာ ပြန်ရအောင်ညှိနှိုင်းပေးဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးရှေ့မှာ တောင်းဆိုခဲ့ပြီး  နိုဝင်ဘာ ၁၄ ရက်က ထပ်မံညှိနှိုင်းခဲ့တာပါ။

အလုပ်သမားတွေ အလုပ်ထုတ်ခံရတဲ့အပေါ် နစ်နာကြေးရရှိဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်ပြီး အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်ရှင်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းခဲ့တာကြောင့် ပြေလည်မှုရရှိခဲ့တာလို့ အလုပ်သမားတွေက ဆိုပါတယ်။

အလုပ်ထုတ်ခံရတဲ့ ၃ နှစ်အောက်ဝန်ထမ်းတွေကို နစ်နာကြေး တလခွဲစာအပြင် စက်တင်ဘာလအတွက် လစာကိုပါ ထည့်လျှော်ပေးဖို့ သဘောတူခဲ့တယ်လို့ အလုပ်သမား ခေါင်းဆောင် ကိုဇော်မင်းသိန်းက ပြောပါတယ်။

အလုပ်သမားတွေရဲ့နစ်နာကြေးကို အခုလ ၃၀ ရက်နေ့နောက်ဆုံးထားပေးဖို့ စာချုပ်ထဲမှာ ထည့်ချုပ်ထားပြီး တဦးကို အနည်းဆုံးငွေကျပ် ၃ သိန်းကနေ လုပ်သက် ၈ နှစ်ရှိသူအတွက် နစ်နာကြေးသိန်း ၄၀ ကျော်လောက် ရရှိမယ်လို့ ကိုဇော်မင်းသိန်းက ပြောပါတယ်။

ဒီစက်ရုံက အလုပ်သမားတွေဟာ နိုဝင်ဘာ ၁၃ရက် မနက်ပိုင်းကတည်းက တိုင်းဝန်ကြီးချုပ်အပါအ၀င် ၀န်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ စောင့်ဆိုင်းနေတာဖြစ်ပြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် အလုပ်ရှင်အလုပ်သမားတွေနဲ့ တွေ့ဆုံညှိနှိုင်းပေးခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Great Well ဖိနပ်စက်ရုံက အလုပ်သမားတွေဟာ အောက်တိုဘာ ၂ ရက်က စပြီး စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်နေတာပါ။

Great Well ဖိနပ်စက်ရုံမှာ အလုပ်သမားတွေကို ၂၀၁၈ ဇူလိုင်လကစပြီး ရာထူးလျှော့တာ နေရာပြောင်းတာ လစာလျှော့ချတာတွေကြောင့် အငြင်းပွားမှုတွေ စတင်ခဲ့ပြီး အလုပ်ရှင်က စက်ရုံအတွင်း ဝင်ခွင့် မပြုတော့ဘူးလို့ သိရပါတယ်။

Great Well ဖိနပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖစ်ပြီး အလုပ်သမား ၃၀၀ လောက် အလုပ်လုပ်ကိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013