DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင် ရွာသူ ၂ ဦး မိုင်းထိပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ
DVB
·
November 12, 2018
ကျောက်မဲမြို့နယ်တွင် ရွာသူ ၂ ဦး မိုင်းထိပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ၊ ခုံငင်းကျေးရွာအနီးမှာ မနေ့ မနက်က မြေမြှုပ်မိုင်း ပေါက်ကွဲပြီး  ရွာသူ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ခုံငင်းရွာသူတစုဟာ ရွာကနေ ဆိုင်ကယ်စီးပြီး  မြေလမ်းအတိုင်းထွက်ခွာလာစဉ် ဆိုင်ကယ် ၁ စီးက မိုင်းထိမိလို့ ဒဏ်ရာရသူ ၂ဦးကို ကနဦး ကျောက်မဲဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ၁ ဦးက ဒဏ်ရာပြင်းထန်လို့  မနေ့ညက မန္တလေးဆေးရုံကြီးဆီ ဆက်လက်ပို့ဆောင်ခဲ့ရပါတယ်။

ဒါပေမယ့် ဆေးရုံရောက်ပြီး မကြာခင်မှာ တဦးသေဆုံးသွားတယ်လို့ ဒဏ်ရာရသူတွေကို ကျောက်မဲဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့တဲ့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။

“မိန်းကလေး ၂ ယောက်စီးလာတဲ့ ဆိုင်ကယ်က မိုင်းထိတာ၊ ဆိုင်ကယ်မောင်း လာတာက နန်းငွေခိုင် (အသက် ၂၀) နှစ် ဘယ်ဘက်လည်ပင်း၊ ဘယ်ဘက်လက်မောင်းနဲ့ ဘယ်ဘက်ပေါင်မှာ မိုင်းစ စိုက်ဝင်တဲ့ ဒဏ်ရာတွေရတယ်။ နောက်တယောက်က မခမ်းရင် အသက် (၂၀)၊ သူကတော့ ခေါင်းရဲ့ဘယ်ဘက်မှာ တချက်၊ လည်ပင်းရဲ့ ညာဘက်မှာ ၁ ချက်၊ ဘယ်ဘက်လက်မောင်းမှာ ၁ ချက်၊ ၀မ်းဗိုက်ရဲ့ ဘယ်ဘက်မှာလည်း ဖောက်ဝင်သွားတယ်။ ဆေးရုံမှာ ကျနော်သွားကြည့်တာ အခြေအနေဆိုးနေတယ်။ အဲဒါ မနေ့ညက တအာင်းလူငယ်အဖွဲ့က မန္တလေးဆေးရုံကို ခေါ်သွားတယ်တဲ့။ ဒီမနက် ကျနော်သိရတာတော့ မိန်းကလေးက ဆေးရုံရောက်ပြီး မကြာဘူး ဆုံးသွားပြီလို့ပြောတယ်။ နာရေးကိစ္စ လိုအပ်တဲ့အကူအညီပေးဖို့ လုပ်နေပါတယ်။”

မိုင်းထိရွာသူ ၂ ဦးမှာ ပလောင်တိုင်းရင်းသူတွေဖြစ်ပြီး ပေါက်ကွဲခဲ့တဲ့ မိုင်းဟာ RCSS/SSA ရှမ်းတပ်က မြှုပ်ထားတာ ဖြစ်တယ်လို့ TNLA ပလောင်တပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။

RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းကတော့ သူတို့တပ်ဖွဲ့ဟာ ပြည်သူလူထု ထိခိုက်နစ်နာစေတဲ့ ဆောင်ရွက်ချက် လုံးဝမပြုလုပ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“လူထုကို ထိခိုက်နစ်နာစေမယ့် အပြုအမူ ဆောင်ရွက်ချက်တွေကို ကျနော်တို့ လုံးဝမလုပ်ပါဘူး။ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို တားမြစ်ထားပါတယ်။ သူတို့ပြောသလို လုံးဝမဟုတ်ပါဘူး။ ဒါဟာ RCSS ကို လူထုက အထင်အမြင်လွဲအောင် ထင်ယောင်ထင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ မီဒီယာအသုံးပြု အပုပ်ချတဲ့နည်းလို့ပဲ မြင်ပါတယ်။ ဒေသခံလူထုကိုယ်တိုင် အသိဆုံးပါ။ ဘယ်သူက လူထုကို ကာကွယ်စောင့်ရှောက်သလဲ၊ ဘယ်သူက အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်နေတာလဲဆိုတာ။ ဒီလိုအခိုက်အတန့် နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ နည်းလမ်းရှာချိန်မှာ အခုလို သူတို့ဘက်က အခြေအမြစ်မရှိတဲ့ သတင်းထုတ်လိုက်တော့ ယုံကြည်မှုကို ထိခိုက်စေပါတယ်။”

အဲဒီနေရာတ၀ိုက်မှာ  လွန်ခဲ့တဲ့ ၂ လလောက်က  PSLF/TNLA နဲ့ RCSS/SSA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်တလှည့်စီ လှုပ်ရှားသွားလာနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013