
မြောက်ကိုရီးယား ရေငုပ်သင်္ဘောကနေ စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ဗျူဟာမြောက် ခရုဇ်ဒုံးကျည် ၂ မျိုးကို တောင်ကိုရီးယားစစ်တပ်က သုံးသပ်ကြည့်ရာမှာ ဒုံးကျည်တမျိုးက ဒေါင်လိုက် ပစ်ခတ်ရေးစနစ်ကနေဖြစ်ပြီး နောက်တမျိုးက ရေငုပ်သင်္ဘော တော်ပီဒိုပြောင်းကနေ ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် မနေ့ကပစ်လိုက်တဲ့ ခရုဇ်ဒုံးကျည်တွေကို မပစ်ခင်အချိန်ကတည်းက ပျံသန်းနေစဉ်ကာလနဲ့ လမ်းကြောင်းအဆုံးအထိ နည်းလမ်းမျိုးစုံသုံးပြီး မပြတ်စောင့်ကြည့် ထောက်လှမ်းနိုင်ခဲ့တယ်လို့လည်း JCS ပြောရေးဆိုခွင့်ရှိသူ ဂျန်ဒိုယောင်းက ထည့်ပြောသွားပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ရေတပ်ရဲ့ တိုက်ခိုက်ရေး စွမ်းဆောင်ရည်နဲ့ စစ်ရေးဟန့်တားနိုင်စွမ်း ခိုင်မာမှုကို စစ်ဆေးဖို့အတွက် အဲဒီ ခရုဇ်ဒုံးကျည်တွေကို အောက်တိုဘာ ၁၄ ရက်မှာ စမ်းသပ်ခဲ့တာလို့ မြောက်ကိုရီးယားဘက်က ဆိုပါတယ်။
စစ်ရေးလေ့လာသူတွေကတော့ မြောက်ကိုရီးယား သုံးခဲ့ပုံရတဲ့ ဒေါင်လိုက်ပစ်ခတ်ရေးစနစ်ဟာ တော်ပီဒိုပြောင်းတွေထက် ဒုံးကျည်တွေကို ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ အလုံးအရင်း ပစ်ခတ်နိုင်တာကြောင့် သတိပေးချိန်ကို ပိုတိုသွားစေပြီး ကာကွယ်ရေးတုံ့ပြန်မှုတွေကို ပိုခက်ခဲသွားစေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
တဆက်တည်းမှာပဲ အမေရိကန်တပ်ဖွဲ့များ ကိုရီးယား USFK ကွပ်ကဲရေးမှူး ဗိုလ်ချုပ် ဆေဗီဘာ ဘရွန်ဆန်က လုံခြုံရေးအခြေအနေတွေ ပြောင်းလဲလာတာနဲ့ အစီအစဉ်အသစ်တွေ ပြင်ဆင်လိုက်တာကြောင့် စစ်ဖြစ်ပွားချိန် ကွပ်ကဲခွင့် လွှဲပြောင်းရေးလုပ်ငန်းစဉ်မှာ “စံနှုန်းအသစ်တွေ ဖြစ်လာတယ်” လို့ ပြောဆိုခဲ့တဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ကြရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျောင်ဘစ်နာက အမေရိကန်ဘက်က လိုအပ်တဲ့ သတ်မှတ်ချက်တွေကိုသာ အမြဲတမ်း ပြောင်းလဲနေမယ်ဆိုရင် ဒီကွပ်ကဲခွင့်ကို ဘယ်တော့မှ လွှဲပြောင်းပေးနိုင်မှာ မဟုတ်ဘူးလို့ တုံ့ပြန် မှတ်ချက်ပေးခဲ့ပါတယ်။
Source: Reuters











