၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းက ဘယ်လ်ဂျီယံကို (၂-၁) ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ် အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပထမပိုင်း မိနစ် ၃၀ မှာ ဖာဘီယန်ရုဇ်က စပိန်အသင်းအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။
ဒီဘရိုင်းနားနဲ့ ဒိုကူတို့ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းဟာ စပိန်အသင်းရဲ့ ဖိအားပေးနေတဲ့ ကြားကနေပဲ ပွဲချိန် ၄၁ မိနစ်မှာတော့ ဒီကက်တဲလဲယားက ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒီနောက် ဘယ်လ်ဂျီယံ ပထမဂိုးသမား ကော်တွိုက်စ်ဒဏ်ရာရရှိပြီး လူစားလဲခဲ့ရလို့ ဒုတိယပိုင်းမှာ မန်ယူဂိုးသမား လန်းမန်းစ်က လူစားဝင်ကစားခဲ့ရပါတယ်။
ပွဲနှောင်းပိုင်း ပွဲချိန် ၈၈ မိနစ်မှာတော့ ဘယ်လ်ဂျီယံ ဂိုးသမား လန်းမန်းစ်ထံက ပြန်ထွက်လာတဲ့ ဘောလုံးကို စပိန်လူစားဝင်ကစားသမား မီရီနိုက အနီးကပ်ပိတ်ပြီး အနိုင်ဂိုးသွင်းယူပေးခဲ့လို့ စပိန်အသင်း အနိုင်ရသွားတာဖြစ်ပါတယ်။
ဒီလာဖွန်တီရဲ့ စပိန်အသင်းဟာ ဇူလိုင် ၁၄ ရက်နေ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။










