
အရှေ့အလယ်ပိုင်းမှာ ဆော်ဒီအာရေဗျနဲ့ ဟော်မုဇ် ရေလက်ကြားတဝိုက် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာကြောင့် စက်တင်ဘာ ၁၄ ရက်မှာ ရေနံဈေး ၃ ရာခိုင်နှုန်းကျော် တက်လာပြီး ကမ္ဘာ့ရေနံထောက်ပံ့မှု ၄ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်ခြေရှိနေပါတယ်။
Brent ရေနံစိမ်းဈေး ၃ ဒသမ ၁ ရာခိုင်နှုန်းတက်ပြီး တစည်ကို အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၈၂ အထိ ရောက်လာသလို WTI ကလည်း ၃ ဒသမ ၂ ရာခိုင်နှုန်းတက်ပြီး ၁၀၃ ဒသမ ၂၂ ဒေါ်လာ ရှိလာပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျရဲ့ East-West ရေနံပိုက်လိုင်းကို ယာယီပိတ်ထားရပါတယ်။
ဒီပိုက်လိုင်းက ဟော်မုဇ် ရေလက်ကြားကို ရှောင်ပြီး တရက် ရေနံစည် ၄ သန်းလောက်ကို ပင်လယ်နီဘက် ယန်ဘူဆိပ်ကမ်းဆီ ပို့ပေးနေတဲ့ လမ်းကြောင်းပါ။
ပိုက်လိုင်းကို မကြာခင် ပြန်မဖွင့်နိုင်ရင် ကမ္ဘာ့ရေနံထောက်ပံ့မှု ၄ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ ရေနံဝယ်ယူသူတွေနဲ့ ကုန်သည်တွေက သတိပေးပါတယ်။
ယန်ဘူဆိပ်ကမ်းမှာရှိတဲ့ ရေနံလက်ကျန်ကလည်း တင်ပို့မှုကို ငါးရက်ကနေ ခုနစ်ရက်လောက်သာ ဆက်ထိန်းထားနိုင်မယ်လို့ လုပ်ငန်းရင်းမြစ်တွေက ဆိုပါတယ်။
ဆော်ဒီအာရေဗျက ပိုက်လိုင်းပျက်စီးမှု အတိုင်းအတာနဲ့ ပြင်ဆင်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ အသေးစိတ် မထုတ်ပြန်သေးဘဲ ရင်းမြစ်တချို့က ငါးပတ်ကနေ ခြောက်ပတ်အထိ ကြာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဒါ့အပြင် ဟော်မုဇ် ရေလက်ကြားမှာ သင်္ဘောတစင်း ပစ်ခတ်ခံရလို့ မီးလောင်ခဲ့ပြီး သင်္ဘောဝန်ထမ်းတွေကို ကယ်ထုတ်ခဲ့ရပါတယ်။
ပင်လယ်နီဘက် ဘာ့ဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားအနီးမှာလည်း ဟူသီတွေ ပီရင်မ်ကျွန်းကို ရောက်ရှိလာတာကြောင့် နောက်ထပ် အဓိကရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတခုအပေါ် စိုးရိမ်မှု တိုးလာပါတယ်။
ရေနံထောက်ပံ့မှု ထပ်လျော့သွားရင် ကမ္ဘာ့လောင်စာဈေးနဲ့ ငွေကြေးဖောင်းပွမှုကို ပိုမြင့်စေနိုင်တာကြောင့် ဆော်ဒီပိုက်လိုင်း ဘယ်အချိန်ပြန်လည်ပတ်နိုင်မလဲ ဆိုတာနဲ့ ဟော်မုဇ် လမ်းကြောင်းအခြေအနေကို ဈေးကွက်က အနီးကပ် စောင့်ကြည့်နေပါတယ်။











