အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အသက် ၈၀ ပြည့်မွေးနေ့ကို အီရန်နဲ့ ငြိမ်းချမ်းရေး ကြေညာချက်၊ အိမ်ဖြူတော် UFC ထိုးသတ်ပွဲတွေနဲ့ ဇွန် ၁၄ ရက်မှာ ဆင်နွှဲခဲ့ပါတယ်။
အိမ်ဖြူတော်မြက်ခင်းပြင်မှာ ကျင်းပတဲ့ ဒီပွဲဟာ အမေရိကန်ပြည်ထောင်စု တည်ထောင်မှု နှစ် ၂၅၀ ပြည့်ပွဲ ပွဲလမ်းတွေထဲက တခုဖြစ်ပါတယ်။
နိုင်ငံတော်အလံသတ်မှတ်တဲ့ အလံနေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး ထရမ့်ပ်မွေးနေ့နဲ့ပါ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။
အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကြေးစားအားကစားပွဲမှာ ကစားသမား ၁၄ ယောက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ထရမ့်ပ်ဟာ အိုဗယ်ရုံးခန်းကနေ ယူအက်ဖ်စီ ဥက္ကဋ္ဌ ဒါနာဝှိုက်နဲ့အတူ ထွက်လာခဲ့ပြီး အိမ်ဖြူတော် ဝရန်တာကနေ စစ်လေယာဉ် ၁၂ စင်းရဲ့ ပျံသန်း အလေးပြုမှုကို ခံယူခဲ့ပါတယ်။
ဒါပေမဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်စျေးနှုန်းတွေ တက်နေချိန်မှာ အမေရိကန်ဒေါ်လာ သန်း ၆၀ တန်ကြေးရှိတဲ့ ဒီပွဲကို ကျင်းပတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အထူးသဖြင့် အိမ်ဖြူတော်မှာ Bud Light နဲ့ Polymarket လို ကုမ္ပဏီတွေရဲ့ လိုဂိုတံဆိပ်တွေကို စီးပွားဖြစ် အသုံးပြုတာကို လူအများက ကန့်ကွက်ခဲ့ကြပါတယ်။
ဒါပေမဲ့ ပရိသတ်တွေကတော့ ဒီပွဲဟာ အမေရိကန်ယဉ်ကျေးမှုကို ကိုယ်စားပြုတယ်ဆိုပြီး ကာကွယ်ခဲ့ကြပါတယ်။
တဖက်မှာလည်း ဒီကစားပွဲဟာ အသက်ကြီးလာတဲ့ ထရမ့်ပ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို တုံ့ပြန်ရာ ရောက်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ သူ့ရဲ့ ကြံ့ခိုင်မှုကို အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နဲ့ အမြဲတမ်း နှိုင်းယှဉ်လေ့ ရှိပါတယ်။
ဒီသီတင်းပတ်အတွင်း အရာရှိတယောက်တင်ခဲ့တဲ့ ဗီဒီယိုတခုမှာတော့ ထရမ့်ပ်က သူ့မွေးနေ့နဲ့ ပတ်သက်ပြီး "ကျုပ်သဘောကျတဲ့ ဂဏန်းမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့လည်း ကျုပ်ဒီမှာ ရှိနေပါသေးတယ်" လို့ မှတ်ချက်ပေးခဲ့ပါတယ်။










