DVB Logo
Home
မြန်မာသတင်း
MLM ဆင့်ပွားဈေးကွက်ဖြန့်ချိလုပ်ငန်းလုပ်သည့် ကုမ္ပဏီအချို့ လုပ်ငန်းရပ်ဆိုင်းထား
DVB
·
September 20, 2018
MLM ဆင့်ပွားဈေးကွက်ဖြန့်ချိလုပ်ငန်းလုပ်သည့် ကုမ္ပဏီအချို့ လုပ်ငန်းရပ်ဆိုင်းထား
Donate to DVB

ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (MLM)တွေကို အရေးယူတော့မယ်လို့ အစိုးရက ထုတ်ပြန်လိုက်ပြီးနောက  ဒီလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတချို့က လုပ်ငန်းတွေ ရပ်ဆိုင်းမယ်လို့ ကြေညာလိုက်ပါတယ်။

AIM Star Network ကုမ္ပဏီက ဆင့်ပွားဈေကွက်ဖြန့်ချိတဲ့စနစ်နဲ့ ကုန်ပစ္စည်းတွေ ဖြန့်ဖြူးရောင်းချနေတာကို စက်တင်ဘာ ၁၈ ရက်ကစပြီး လုံးဝရပ်ဆိုင်းလိုက်ပြီလို့ ကြေညာထားသလို Shine Hope ကလည်း ကုန်ပစ္စည်းထုတ်လုပ်ရောင်းချမှုနဲ့ တွေ့ဆုံပွဲတွေ အားလုံးကို စက်တင်ဘာ ၁၉ ရက်ကစ ရပ်ဆိုင်းထားမယ်လို့ အသိပေးကြေညာပါတယ်။

အလားတူ ရွှေပန်းတိုင်၊ စုံတွဲကြိုးကြာ၊ Zhulian ၊ Lucky Time စတဲ့ ကုမ္ပဏီတွေကလည်း ဆင့်ပွားဈေးကွက်ဖြန့်ချိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး  ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

ဆင့်ပွားဈေးကွက်ဖြန့်ချိတဲ့ လုပ်ငန်းဖြစ်တဲ့  Multi-Level Marketing လုပ်ငန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက အရေးကြီး ၀န်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ကာ  ဒီလုပ်ငန်းလုပ်ကိုင်သူတွေတားမြစ်တဲ့ကြေညာချက် စက်တင်ဘာ ၁၈ရက်က ထုတ်ပြန်ထားတာပါ။

အဲဒီလုပ်ငန်းလုပ်တွေကို အမိန့်ကြေညာစာ ထုတ်ပြန်တဲ့နေ့ကစပြီး လုပ်ကိုင်တာ တွေ့ရင် အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အရေးယူခံရမယ်လို့လည်း ဆိုပါတယ်။

အစိုးရရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ Success More ကုမ္ပဏီကတော့  MLMစနစ်နဲ့ ပစ္စည်းရောင်းချတာမလုပ်ဖို့ ကုမ္ပဏီတာဝန်ရှိသူတွေကို ညွှန်ကြားထားတဲ့အကြောင်းနဲ့ ဥပဒေနဲ့ကိုက်ညီတဲ့ လုပ်ငန်းအဖြစ် ပြောင်းလဲ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Success Moreကုမ္ပဏီ ဒါရိုက်တာ ဒေါ်နန်းခမ်းဝါလှ က “ဒီလိုဥပဒေထုတ်ပြီးတော့ ရပ်ဆိုင်းလိုက်တဲ့အခါမှာတော့ ပြည်သူတွေကလည်း အထိတ်တလန့်ဖြစ်တယ်။ အမတို့ ကုမ္ပဏီ တွေလည်း အထိတ်တလန့်ဖြစ်သလို စားသုံးသူတွေလည်း အထိတ်တလန့်ဖြစ်တယ်။ အဲဒီအတွက် ကတော့ အမတို့ ဘာပြန်လုပ်ရမလဲဆိုတဲ့ အကြောင်းအရင်းကို အမတို့ ကိုယ်တိုင် ကလည်း မသိသေးဘူး။ ဒါပေမယ့် ဒီကြေညာချက်ဟာ MLM လုပ်ငန်းကို ရပ်တန့်ခိုင်းတာ ဖြစ်တယ်။ ကုမ္ပဏီနဲ့ ထုတ်ကုန်ပစ္စည်းတွေကို သုံးစွဲခွင့် မပြုတာမျိုးတော့ မဟုတ်လောက်ဘူးလို့ အမယူဆတယ်။ ပြီးသွားရင် ဝန်ကြီးဌာနတွေအပေါ်မှာလည်း အမတို့စုံစမ်း မေးမြန်းမှုတွေလုပ် မယ်။ လိုအပ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတခုအဖြစ် ရပ်တည်နိုင် အောင် အမတို့က စားသုံးသူတွေ အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။

MLMစနစ်နဲ့လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေစုပေါင်းပြီး စီးပွားကူးသန်းဝန်ကြီးဌာနမှာ MLMစနစ်လို တိုက်ရိုက်ဖြန့်ဖြူးတဲ့ ဥပဒေတစ်ခုထွက်ဖို့ ကြိုးစားခဲ့ပေမယ့် ရုတ်တရက် အရေး ယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ် မယုံနိုင်အောင်ဖြစ်ခဲ့တယ်လို့  Success Moreကုမ္ပဏီက ပြောပါတယ်။

အစိုးရရဲ့ထုတ်ပြန်ချက်ဟာ MLMလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေအတွက် ထိရောက်တဲ့ ထုတ်ပြန်ချက်ဖြစ်ပြီး အဲဒီကုမ္ပဏီတွေတော်တော်များများ ရပ်နားသွားနိုင်တယ်လို့ အဲဒီစနစ်ကိုဆန်ကျင့်တဲ့ အဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

ကုမ္ပဏီတွေရပ်နားတဲ့အပေါ် အသင်းဝင်တွေရဲ့ နစ်နာမှုတွေကို ကုမ္ပဏီတွေက ဖြေရှင်းပေးဖို့လိုမယ်လို့  MLM စနစ်ကို ဆန့်ကျင်သူများအဖွဲ့ ဦးဆောင်သူ ကိုဇင်ဇေက ပြောပါတယ်။

“ရုတ်တရက် ကြေညာချက် ထုတ်လိုက်တဲ့အချိန်မှာ အပေါ်လူတွေက မသိသာဘူး။ အောက်လူတွေက အရမ်းနစ်နာသွားမှာ။ အောက်လူတွေ နစ်နာမှုကို ကာပေးနိုင်မယ့် တခုခု နောက်ဆက်တွဲတွေ ပါရင်တော့ ပိုကောင်းမယ်။ အောက်လူတွေ ဝယ်ထားမိတဲ့ ပစ္စည်းတွေကို ကုမ္ပဏီတွေက မဖြစ်မနေ ငွေပြန်အမ်းပေးရမယ်။ ဒီလို ကိစ္စမျိုးတွေပေါ့။ ဘာလို့လဲဆိုတော့ ဒီကုမ္ပဏီတွေက နိုင်ငံတကာမှာရှိတယ်လို့ သူတို့ အမြဲတမ်းပြောနေတာ။ ဒီပစ္စည်းတွေ သူတို့ပြန်ယူ ပြီးရင် သူတို့နိုင်ငံမှာ သူတို့ ပြန်ရောင်းပေါ့။ ဒါဆိုရင် အကိုတို့ မြန်မာပြည်သူတွေ မနစ်နာတော့ဘူးပေါ့။ အဲဒီလိုပဲ ထိုက်သင့်တဲ့ ပမာဏတခုကို နစ်နာသွားမယ့်လူတွေအတွက် ဘယ်လိုမျိုး အစိုးရက ပြန်စီစဉ်ပေးနိုင်မလဲပေါ့။” လို့ ဆိုပါတယ်။

MLM စနစ်နဲ့ပတ်သက်လို့ အောင်ခြေအသင်းဝင် ၉၀ ရာခိုင်းနှုန်းကျော်ဟာ အရှုံးနဲ့ ရင်ဆိုင်နေရတာ၊ ဖြည့်စွက်စာအဖြစ် တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကို ကင်ဆာပျောက်ဆေး ဆိုပြီး အလွန်အကျွံ ကြော်ငြာရောင်းချတာတွေအပေါ် တိုင်ကြားမှုတွေ ရှိလာပြီး ၂၀၁၆ နှစ်ကုန်ပိုင်းမှာ အထူးစုံစမ်းစစ်ဆေးရေးကနေ အဲဒီကုမ္ပဏီတွေကို စစ်ဆေးခဲ့ ပါတယ်။

ဒါ့အပြင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ကနေ MLM ကုမ္ပဏီတွေကို အခုနှစ်အတွင်း တရားစွဲဆိုတာတွေရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013