
မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက အဝေးကွင်းမှာ လိဒ်စ်ယူနိုက်တက်နဲ့ တဂိုးစီ သရေကျခဲ့လို့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် နိုင်ပွဲရဖို့ ဆက်လက်ရုန်းကန်နေရပါတယ်။
အကြိတ်အနယ်ရှိခဲ့တဲ့ သရေပွဲမှာ မန်ယူအသင်းဟာ ပထမပိုင်း ၃၅ မိနစ်မှာ ယူရီတီးလီးမန်းစ်ရဲ့ ပေးပို့မှုကနေ ဘရိုင်ယန် အမ်ဘူမိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ ကင်မရွန်း တိုက်စစ်မှူး အမ်ဘူမို အတွက် ဒီရာသီ ၇ ပွဲမှာ ၄ ဂိုးမြောက် ပရီးမီးယားလိဂ်ဂိုး ဖြစ်ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်း ၅၁ မိနစ်မှာ လိဒ်အသင်းက ဒိုမီနစ် ကဲလ်ဗတ်လူဝင်က ပြန်လည်ချေပခဲ့လို့ မန်ယူအသင်း ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတာပါ။
မန်ချက်စတာယူနိုက်တက်ဟာ ကစားကွက် ပုံစံပြောင်းပြီး ပိုမို အားထုတ်ကစားခဲ့ပေမဲ့ လိဒ်စ်နဲ့ ၁-၁ သရေကျခဲ့တာကြောင့် နည်းပြ မိုက်ကယ် ကာရစ် အပေါ်မှာလည်း ဖိအားတွေ ဆက်လက် ကြီးထွားလာနေပါတယ်။
မန်ယူနည်းပြ မိုက်ကယ် ကာရစ်က “အပြည့်အဝ ပေးဆပ်မှုတော့ ရှိတာ သေချာပါတယ်။ ဒီနေ့ အဲဒါ ရှိကို ရှိရမှာပါ။ ကျနော် အဲဒါကို မသံသယဖြစ်ပါဘူး။ အဲဒါကို မြင်ရဖို့ ပွဲကို မျှော်လင့်နေခဲ့တာပါ။ အားစိုက်ထုတ်မှုနဲ့ အရှိန်အဟုန်တော့ သေချာပေါက် ရှိခဲ့ပါတယ်။ ဒီနေ့မနက်မှာ ကစားသမားတွေကို ဒီပွဲရဲ့ သမိုင်းကြောင်း၊ ပရိသတ်တွေနဲ့ ကလပ်အသင်းအတွက် ဘာကိုဆိုလိုသလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။ ဒါဟာ မင်းကို သေချာပေါက် စိန်ခေါ်တာပါ။ ပြီးပြည့်စုံတဲ့ ကစားပုံ မဟုတ်ပေမဲ့ ရလဒ်တခုရဖို့ စိတ်ဓာတ် ပြသနိုင်တာတွေ အများကြီး ပါဝင်ခဲ့ပါတယ်။ ကျနော်တို့ ပွဲကို မနိုင်ခဲ့တာမို့ သိပ်ပြီး ဝမ်းသာအားရ ဖြစ်မနေပါဘူး။ ကျနော်တို့ ရောက်ရှိနေတဲ့ အနေအထားအရ ဒီနေ့ဟာ အစသစ်တခုလို ခံစားရပါတယ်။ ကစားသမားတွေဟာ တယောက်နဲ့တယောက် အသင်းအတွက် အကောင်းဆုံး လုပ်ပေးချင်စိတ် ပြင်းပြနေကြပါတယ်” လို့ ပြောပါတယ်။
မန်ယူနောက်ခံလူ ဟာရီ မက်ဂွိုင်းယားကတော့ “ကျနော်တို့ ဒီတပတ်မှာ [ကစားကွက် ပုံစံပြောင်းလဲမှုကို] လေ့ကျင့်ခဲ့ကြတာပါ။ ဘောလုံးမရှိချိန်မှာ သူတို့ကို ယှဉ်နိုင်ဖို့နဲ့ တော်တော်လေး အတိုက်အခိုက် ရဲရဲကစားချင်ခဲ့တာပါ။ သူတို့ဘက်က ကွင်းလယ်မှာ ၂ ယောက်ပဲ ကစားတာမို့လို့ ကျနော်တို့ ကွင်းလယ်ပိုင်းမှာ အခွင့်အရေး အများကြီး ရနိုင်မှန်း သိခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ ပိုလုပ်နိုင်ခဲ့သင့်တဲ့ ပွဲရဲ့ အစိတ်အပိုင်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ဘောလုံးနဲ့အတူ ပိုပြီး သတ္တိရှိရှိ ကစားခဲ့သင့်ပြီး ဖိအားအောက်မှာ ဘောလုံးကို ထိန်းကျောင်းနိုင်ခဲ့သင့်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က ရှိသင့်သလောက် သတ္တိမရှိတဲ့ အခြေအနေမှာ ရောက်နေတာမို့ ဒါကို ပြန်ယူရပါမယ်။ မန်ချက်စတာယူနိုက်တက်အတွက် ပွဲတွေကို အနိုင်ရဖို့ဆိုရင် ကျနော်တို့မှာ အဲဒီ သတ္တိနဲ့ တည်ငြိမ်မှု ရှိရပါမယ်” လို့ ပြောပါတယ်။
လိဒ်စ်နည်းပြ ဒန်နီယယ်ဖားခ်က “မန်ချက်စတာယူနိုက်တက်နဲ့ ၁ မှတ်ပဲ ရတာကို နည်းနည်း မကျေမနပ် ဖြစ်ရတာဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ကျနော်တို့ ဘယ်လောက်အထိ ခရီးရောက်လာခဲ့လဲဆိုတာ အများကြီး ဖော်ပြနေပါတယ်။ ခြုံငုံကြည့်ရင် ပထမပိုင်းမှာ ရှုံးနိမ့်နေတဲ့ အနေအထား ဖြစ်နေဖို့ မလိုပါဘူး၊ ကျနော်တို့ စိုးမိုးထားနိုင်ခဲ့တယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
ရလဒ်တွေအရတော့ အခုနှစ်ရာသီ ပရီးမီးယားလိဂ် ၇ ပွဲကစားပြီးချိန်မှာ မန်ယူအသင်းဟာ ၁ ပွဲပဲ နိုင်ပြီး ၄ ပွဲသရေ၊ ၂ ပွဲရှုံးထားပြီး ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒါဟာ အိုလေးဂန်နာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် အတည်ပြုပြီးနောက်ပိုင်း ခြေစွမ်းတောက်လျှောက် ကျဆင်းသွားခဲ့တဲ့ ၂၀၁၈-၁၉ ရာသီနောက်ပိုင်း မန်ယူအသင်းရဲ့ အဆိုးရွားဆုံးစံချိန် ဖြစ်ပါတယ်။
Source: Sky Sport/BBC Sport











