
အမေရိကန်အစိုးရဟာ တရားဝင်ရုံးသုံး အခေါ်အဝေါ်မှာ ဉာဏ်ရည်တုနည်းပညာ (AI) အစား Super Intelligence လို့ ပြောင်းသုံးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာပါတယ်။
စက်တင်ဘာ ၂၂ ရက် နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထရမ့်ပ်က မိန့်ခွန်းပြောသွားတာမှာ အမည်သစ်က “ခေါ်လို့ပိုကောင်းပြီး ပိုတိကျမှုရှိတယ်” လို့ ပြောပါတယ်။
Artificial ဆိုတဲ့စကားလုံးက နည်းပညာကို အတုအယောင်လို ထင်စေတယ်လို့လည်း သူက ပြောပါတယ်။
AI ကို နိုင်ငံတကာက ပူးပေါင်းထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေကိုလည်း ထရမ့်ပ်က ထပ်မံပယ်ချ ခဲ့ပါ တယ်။
ဥရောပနိုင်ငံတွေ အများစုပါဝင်တဲ့ နိုင်ငံပေါင်း ၂၀ ကျော်ကတော့ မဖြစ်မနေလိုက်နာရမဲ့ AI ဘေးကင်းရေးစည်းမျဉ်းတွေ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။
နည်းပညာတိုးတက်မှုက လူတွေ ထိန်းချုပ်နိုင်စွမ်းထက် ပိုမြန်လာနိုင်တယ်လို့ အဲဒီနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက သတိပေးထားပါတယ်။
ဒီအဆိုပြုချက်ကိုတော့ အမေရိကန်နဲ့ တရုတ်က ထောက်ခံမှု မပေးခဲ့ကြပါဘူး။ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းလည်း အင်အားကြီးနိုင်ငံတွေရဲ့ “လက်အောက်ခံ” မဖြစ်အောင် ကိုယ်ပိုင် AI နည်းပညာ ပူးပေါင်းတည်ဆောက်ဖို့ အဆိုပြုခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကတော့ AI အရေး အမေရိကန်နဲ့ တရုတ် ဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
OpenAI အကြီးအကဲ ဆမ်အော်လ်တ်မန်းကလည်း စက်တင်ဘာ ၂၃ ရက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ AI အရေး ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
Source:Reuters











