DVB Logo
Home
မြန်မာသတင်း
ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်စတင်နိုင်ရန် ဆောင်ရွက်နေ
DVB
·
September 11, 2018
ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်စတင်နိုင်ရန် ဆောင်ရွက်နေ
Donate to DVB

ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ကျောက်ဖြူအထူးစီးပွားဇုန် စီမံကိန်းတွေကို လုပ်ငန်း ပြန်လည်စတင်နိုင်ဖို့ ဆောင်ရွက်နေပြီလို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကိုယ်စား လာရောက်ဖြေဆိုစဉ်မှာ စက်မှုဝန်ကြီးက အခုလို ပြောဆိုလိုက်တာပါ။

“ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ဖို့ အဆင့်မြင့်ကော်မတီနဲ့ ဝန်ကြီးအဆင့် ပူးတွဲကော်မတီ အစည်းအဝေးတွေကိုလည်း မကြာမီ ခေါ်ယူညှိနှိုင်းဖို့ ဆောင်ရွက်နေပါတယ်။ ထားဝယ်စီးပွားရေးဇုန် စီမံကိန်းရဲ့ ပင်မစီမံကိန်းအပိုင်းမှာ ဂျပန်နိုင်ငံက ပါဝင်ပြီး အကောင်အထည်ဖော်နိုင်ဖို့ ကိစ္စကိုလည်း စီစဉ်ဆွေးနွေး ညှိနိုင်းနေပါတယ်” လို့ စက်မှုဝန်ကြီးက ဆိုပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိုတော့ တင်ဒါအောင်မြင်ထားတဲ့ CITIC ကုမ္ပဏီနဲ့ မူဘောင်သဘောတူညီချက်၊ ဆက်စပ်စာချုပ်များ သဘောတူညီချက် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေပြီး လက်ရှိမှာ ပိုင်ဆိုင်မှု အချိုးအစားအပေါ် သဘောတူညီချက် ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“မူလက ရေနက်ဆိပ်ကမ်းအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလျံကျော် လျာထားခဲ့ပေမယ့် ပထမတဆင့်ကိုသာ ဦးစွာ တည်ဆောက်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံလောက်နဲ့ စတင်နိုင်မှာဖြစ်ပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်လို့ မကြာမီမှာ မူဘောင်သဘောတူညီချက်ကို ချုပ်ဆိုပြီးတာနဲ့ လုပ်ငန်းများ စတင်နိုင်တော့မှာ ဖြစ်ပါတယ်။”

၂၀၀၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တဲ့ ထားဝယ်စီးပွားရေးဇုန် စီမံကိန်းကို မူလချုပ်ဆိုထားတဲ့ စာချုပ်ပါ သဘောတူညီချက်တွေဟာ မြန်မာနိုင်ငံဘက်က များစွာ လိုက်လျောထားရတဲ့အပြင် တိုးတက်မှု နည်းပါးနေတဲ့အတွက် မြန်မာ့ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နဲ့ ထားဝယ်စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့က ပြန်လည်စိစစ်နေတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် အီတာလျံထိုင်းကုမ္ပဏီနဲ့ ပူးတွဲအကောင်အထည်ဖော်မယ့် ကနဦးစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဖြည့်ဆည်းပေးဖို့ ကျန်နေတဲ့ မြေငှားစာချုပ် ချုပ်ဆိုနိုင်ရေးကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013