DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်း စက်ကြီးမောင်းအလုပ်သမားအား ချမှတ်သည့်ပြစ်ဒဏ် လျှော့ပေးရန် တောင်းဆို
DVB
·
September 7, 2018
ကြေးနီစီမံကိန်း စက်ကြီးမောင်းအလုပ်သမားအား ချမှတ်သည့်ပြစ်ဒဏ် လျှော့ပေးရန် တောင်းဆို
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း စက်ကြီးမောင်း အလုပ်သမားတယောက်ကို ပြစ်ဒဏ်ချမှတ်တဲ့အပေါ် မကျေနပ်တာကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ အလုပ်သမား ၁၀၀ လောက် အလုပ်မဆင်းဘဲ တောင်းဆိုခဲ့ကြပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း စီနိုကုမ္ပဏီက စက်ကြီးမောင်းဝန်ထမ်းတယောက် အခုလ ၃ ရက်နေ့က စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့တဲ့အပေါ် ကုမ္ပဏီက ရာထူးတိုး ၁ နှစ်ဆိုင်းငံ့ပြစ်ဒဏ် ပေးခဲ့လို့ စက်တင်ဘာ ၇ ရက်နေ့မှာ အဲဒီဆိုက်က ဝန်ထမ်း ၁၀၀ လောက် စုပေါင်းပြီး အလုပ်မဆင်းဘဲ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ အလုပ်သမားခေါင်းဆောင်တချို့ ပြစ်ဒဏ်အပေါ်မှာ ညှိနှိုင်းနေကြပြီး ပြေလည်မှုတော့ မရရှိသေးပါဘူး။

“ဖြစ်တာက ၃ ရက်နေ့ကဖြစ်တာ။ တန် ၁၀၀ ရှိတဲ့ ကားပေါ်ကို မြေကော်တင်နေတုန်း မြေကော်ခွက်က ဆလင်ဒါကောက်ပြီး ပြန်လှပ်လို့မရဘူး ဖြစ်သွားတာ။ အဲဒါကို အကြောင်းကြားတော့ သူတို့ တာဝန်ရှိသူတွေ လာကြည့်တယ်။ ဘာမှမဖြစ်ဘူးဆိုပြီး ပြောသွားတယ်။ နောက် ၂ ရက်လောက်နေတော့ အကြောင်းကြားလာတယ်။ နှစ်တိုး ၁ နှစ်ကို လျှော့တဲ့ပြစ်ဒဏ် ချတယ်ပြောတယ်။ လက်မှတ်ထိုးခိုင်းတယ်။ မထိုးခဲ့ဘူး။ ဆိုက်ခေါင်းဆောင်ကလည်း သွားညှိတယ်၊ ပြေလည်မှုမရှိဘူး။ ဒီနေ့အလုပ်ဆင်းတော့ လက်မှတ်ထိုးတာကို ဖျက်လိုက်တယ်လို့ အလုပ်သမားတွေကပြောတယ်။ အဲဒါကနေ ဟုတ်မဟုတ်ကြည့်တော့ ဟုတ်တာနဲ့ ဒီလိုဖြစ်သွားတာပါ။ ဖြစ်စေချင်တာကတော့ ပြစ်ဒဏ်ချတဲ့ နှစ်တိုးကို လျော့စေချင်တာ။ ဒါပဲတောင်းဆိုတာ။ ဆန္ဒပြတာလည်း မဟုတ်ဘူး။ ပြီးတော့ ဖြစ်သွားတာလည်း စက်ရဲ့ ချို့ယွင်းချက်ကြောင့်ဖြစ်ရတာ” လို့ အပြစ်ပေးခံခဲ့ရတဲ့ စက်ကြီးမောင်း ကိုနိုင်လင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သွားရောက်သတင်းရယူခဲ့တဲ့ သတင်းထောက်တွေကိုလည်း ဝမ်ပေါင်ကုမ္ပဏီ တရုတ်ဝန်ထမ်းတချို့က သူတို့ကုမ္ပဏီနာမည် မထည့်စေချင်ဘဲ ကုမ္ပဏီအမှတ်အသား၊ လုပ်ငန်းဆောင်ရွက်နေတာကို မရိုက်ဖို့ တားမြစ်တာတွေလည်း ရှိခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အလုပ်သမားခေါင်းဆောင် ၅ ဦးနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ စီနိုကုမ္ပဏီရုံးခန်းမှာ ညှိနှိုင်းတာတွေ ပြုလုပ်နေပါတယ်။

“ကျနော်တို့ ဝန်ထမ်းတွေ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်နေရတယ်။ အထောက်အကူပြုပစ္စည်းတွေ ဖြစ်လာရင်လည်း ကြီးမားတဲ့ ပြစ်ဒဏ်တွေပေးတယ်။ အလုပ်ထုတ်တဲ့အထိ ရှိတယ်။ အလုပ်သမားဥပဒေကိုလည်း လိုက်နာမှုအားနည်းတယ်။ အခုလည်း အပြစ်ပေးတာကို မကျေနပ်လို့ လာပြီး စုပေါင်းကြတာပါ။ သူတို့ဘက်က ပြစ်ဒဏ်ကို မဖြေလျော့ပေးဘူးဆိုရင် အလုပ်သမားတွေတိုင်ပင်ပြီး သက်ဆိုင်ရာအဆင့်ဆင့်ကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ စက်ကြီးမောင်းဝန်ထမ်းတဦးဖြစ်တဲ့ ကိုကျော်မင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကားတာယာ ၂ လုံးကွဲလို့ အလုပ်ထုတ်တဲ့အထိ အရေးယူထားတာလည်း ရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမားကြား နားလည်မှုလွဲတာသာဖြစ်ပြီး ပြေလည်အောင် ညှိနှိုင်းပေးသွားမယ်လို့ ကုမ္ပဏီမှ မြန်မာဝန်ထမ်းတချို့က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီက တရုတ်ဝန်ထမ်းတွေကို မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013