လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၄ နှစ်ပြည့် ဆွမ်းကပ်အမျှဝေ
DVB
·
December 22, 2018

ဘိုးဘွားပိုင် လယ်ယာမြေ ကာကွယ်ရင်း အသက်ပေးခဲ့ရတဲ့ ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ကျေးရွာ ဒေါ်ခင်ဝင်းနေထိုင်ခဲ့တဲ့ နေအိမ်မှာ သံဃာတော်တွေကို ဆွမ်းကပ်အမျှအတန်းပေးဝေတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီအောက်မေ့ဖွယ် ဆွမ်းကပ် အမျှအတန်းပေးဝေပွဲကို မိုးကြိုးပြင်၊ ဆည်တည်း စတဲ့ကျေးရွာတွေက တောင်သူတွေလည်း လာရောက်ခဲ့ကြပါတယ်။
“ပြောရရင် ဘာမှမထူးတာကော တောင်သူတွေမှာလည်း ငွေကုန်၊ လူပန်းဖြစ်ကုန်ပြီ။ အရင်လို ကြီးကြီးကျယ်ကျယ် အခမ်းအနားတွေနဲ့ မလုပ်နိုင်ကြတော့ဘူး။ အဖက်ဖက်က အင်အားနည်းကုန်ပြီ။ အခုဟာလည်း မမေ့အောင်လို့သာ လုပ်လိုက်ကြတာ” လို့ ဆွမ်းကပ်အမျှအတန်း ပေးဝေပွဲကို တက်ရောက်ခဲ့တဲ့ ဒေါရီဝင်းက ပြောပါတယ်။
မနက်ပိုင်းမှာ သံဃာတော်တွေကို ဆွမ်းကပ်အမျှဝေပြီး ဒေါ်ခင်ဝင်းရဲ့ အုတ်ဂူကိုလည်း ချီတက်အလေးပြု ပန်းခွေချတာတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။
ဒီနေ့အချိန်ထိ ဒေါ်ခင်ဝင်းကို သတ်တဲ့တရားခံ မဖော်ထုတ်နိုင်သေးတာ၊ အစားထိုးမြေယာ ဧက ၁၉၀၀ မဖော်ထုတ်ပေးတာ၊ အက်ဆစ်ကြောင့် ပျက်စီးသွားတဲ့ သီးနှံတွေ လျော်ကြေးမရသေးတာ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို လိုက်နာခြင်းမရှိတာ စတာတွေနဲ့ပတ်သက်ပြီးတော့လည်း ဒီဇင်ဘာ ၅ ရက်နေ့က ကုမ္ပဏီရှေ့မှာ ၁ ကြိမ်နဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က မုံရွာမြို့မှာ ၁ ကြိမ် ဆန္ဒပြခဲ့ကြပါသေးတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တာဝန်ယူ လုပ်ဆောင်နေတဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်တွေကို ချိုးဖောက်တာ တွေ့ရပေမယ့် ပြည်ထောင်စု စီမံကိန်းဖြစ်လို့ တိုင်းအစိုးရကတော့ အရေးယူ မရဘူးလို့ ပြောဆိုထားပါတယ်။