ကြေးနီစီမံကိန်းကြောင့် ပျက်စီးသွားသည့် သီးနှံများအတွက် လျော်ကြေးရရေးဆန္ဒပြ
DVB
·
December 6, 2018

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လတ်တလော ပျက်စီးသွားတဲ့ သီးနှံတွေအတွက် လျော်ကြေးပေးဖို့ ဒေသခံတောင်သူတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကနေ အောက်တိုဘာ ၃၀ရက်က စီမံကိန်း ဧရိယာအတွင်း အက်ဆစ်ဖျန်းခဲ့လို့ စီမံကိန်းအနီးက သီးနှံစိုက်ခင်းတွေ၊ ကွမ်းခြံတွေ ပျက်စီးဆုံးရှုံးခဲ့ပြီး တောင်သူတွေ ဆုံးရှုံးနစ်နာမှုရှိလို့ လျော်ကြေးရရေးအတွက် ကုမ္ပဏီရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြပွဲကို တုံအုပ်စု၊ ဆည်တည်း၊ မိုးကြိုးပြင်၊ ကျောက်ဖြူတိုင် စတဲ့ကျေးရွာတွေက ဒေသခံတောင်သူ ၁၅၀ လောက် စုရုံးပြီး ပုသိမ်-မုံရွာလမ်းဆုံကနေ ဝမ်ပေါင်ကုမ္ပဏီရှေ့ထိ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒေသခံတဦးက "ကုမ္ပဏီက အက်ဆစ်ဖျန်းလို့ ဆည်တည်းမှာဆို နှမ်းစိုက်ခင်းတွေ တချို့ မျိုးပြန်မရတဲ့အထိ ပျက်စီးခဲ့တယ်။ ဧက ၁၀၀ ကျော်ရှိတယ်။ သက်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော ကုမ္ပဏီတာဝန်ရှိသူတွေရော လာစစ်ဆေးပြီးပြီ။ သူတို့ကြောင့် ဒီလိုပျက်စီးရတာကိုလည်း ဝန်ခံပြီးပြီ။ ပျက်စီးစာရင်းတွေလည်း ကောက်ပြီးပြီ။ တလလောက်ကြာ သည်အထိ ဘာမှမထူးခြားသေးလို့ အခုလို ဆန္ဒပြတာ။ ဆည်တည်းတင်မကဘူး ကျောက်ဖြူတိုင်ဆိုလည်း ကွမ်းခြံ ၁၀၀ လောက် ပျက်စီးတယ်။ ကျောက်ဖြူတိုင်ကွမ်းဆို ဘယ်ဒိုင်ကမှ မဝယ်ကြတော့ဘူး။"လို့ပြောပါတယ်။
သီးနှံပျက်စီးမှုကို စစ်ကိုင်းတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ညွန်ကြားရေးမှူးကိုယ်တိုင် ကွင်းဆင်းပြီး ရေထု၊ လေထုတွေ တိုင်းတာ စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။
စစ်ဆေးမှုအရ အက်ဆစ်ပျံ့နှံ့မှုက သတ်မှတ်နှုန်းထားအတွင်းမှာ ရှိနေပြီး အမှုန်အမွှား ပါဝင်မှုကတော့ သတ်မှတ်ချက်ထက် ကျော်လွန်တတာ တွေ့ရှိရတယ်လို့ဆိုပါတယ်။
ဌာနဆိုင်ရာက ကောက်ယူထားတဲ့စာရင်းတွေအရ ဆည်တည်းရွာဝန်းကျင်မှာ တံစဉ်လွတ်ထိခိုက်ပျက်စီးမှု ၁၁.၈၅ ဧကနဲ့ အသင့်အတင့် ထိခိုက်မှု ၁၂၆.၇၀ဧက ရှိတယ်လို့ သိရပါတယ်။ ကျောက်ဖြူတိုင်ကျေးရွာက ကွမ်းခြံတွေကိုလည်း ဆန္ဒပြချိန်မှာပဲ သက်ဆိုင်ရာက သွားရောက်စစ်ဆေးနေပါတယ်။
ဆန္ဒပြပွဲမှာ ဒေသခံတွေက စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ မလိုက်နာတဲ့စီမံကိန်း ချက်ချင်းရပ်၊ ပတ်ဝန်းကျင်ထိခိုက်စေတဲ့စီမံကိန်း အရေးယူပေးရေး၊ သီးနှံလျော်ကြေး၊ နစ်နာကြေး အမြန်ဆုံးရရှိရေး ကြွေးကြော်ခဲ့ကြပါတယ်။
တရားဝင်ခွင့်ပြုချက်တောင်းခံပြီး ဆန္ဒပြတာဖြစ်လို့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော် လုံခြုံရေး ယူပေးခဲ့ပါတယ်။