DVB Logo
Home
မြန်မာသတင်း
ကြေးနီမံကိန်းအတွက် သိမ်းယူသည့် ယာမြေလျော်ကြေးကို မူလတောင်သူ မဟုတ်သူများက ထုတ်ယူနေ
DVB
·
April 25, 2018
ကြေးနီမံကိန်းအတွက် သိမ်းယူသည့် ယာမြေလျော်ကြေးကို မူလတောင်သူ မဟုတ်သူများက ထုတ်ယူနေ
Donate to DVB

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် သိမ်းထားတဲ့ယာမြေလျော်ကြေးကို မူလတောင်သူမဟုတ်ဘဲ အခြားတောင်သူတွေက ခိုးထုတ်တာတွေရှိလို့ မူလတောင်သူတွေက အဲဒီမြေတွေအပေါ်မှာ ခြံစည်းရိုးခတ်ပြီး တဲတွေဆောက်နေပါတယ်။

လက်ပံတောင်းတောင်ဒေသ၊ မိုးကြိုးပြင်မြောက်ရွာအနီး၊ ပုသိမ်-မုံရွာကားလမ်းဘေး အရှေ့ဘက်က ၃.၅၂ ဧကရှိတဲ့ ယာမြေကို ၂၀၁၄ ခုနှစ်က ကိုယ်မသိဘဲ အခြားသူတဦးက မြေယာလျော်ကြေး ထုတ်ယူတာကို ခံခဲ့ရလို့ မူလပိုင်ရှင် ဆိုသူတွေက အဲဒီမြေမှာ ခြံစည်းရိုးခတ်၊ တဲဆောက်တာတွေ ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒေသခံဦးအုန်းမောင်က “ပထမအကြိမ် သီးနှံလျော်ကြေးပေးတော့ ကျနော်ကိုယ်တိုင် ထုတ်ခဲ့တယ်။ ၂၅၄၈၅၀၀ ကျပ်။ ၂၀၁၄ ခုနှစ်မှာ တရွာတည်းနေ ဦးဝင်းငွေ ခေါ် ဦးဝင်းမောင်လေးက ကျနော်တို့မသိဘဲ ၂ ကွက်ပေါင်း ၃.၅၂ ဧကအတွက် မြေယာလျော်ကြေး၊ မြေယာနစ်နာကြေး ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကို ပေါင်းထုတ်သွားတယ်။ ၆၃၃၆၀၀၀ ကျပ်။ အဲဒီကိစ္စကိုလည်း ၃ နှစ်လောက်ကြာအောင် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် တရားစွဲဆိုခဲ့တယ်။ ရှုံးခဲ့တယ်။ ကျနော်တို့မှာ  အထောက်အထားလည်း ပြည့်ပြည့်စုံစုံရှိပါရက်နဲ့ မြေစာရင်းနဲ့ပေါင်းပြီး လုပ်သွားတဲ့အတွက် နစ်နာလို့ အခုလို တဲဆောက်၊ ခြံခတ်တာတွေ လုပ်တာပါ”လို့ ပြောပါတယ်။

အခုခြံခတ်တဲ့မြေက ကွင်းအမှတ် ၇၇၅-က၊ ဦးပိုင်အမှတ် ၂၁၈နဲ့ ၁.၅၈ ဧကကျယ်ဝန်းပြီး ဦးအုန်းမောင် အမည်ပေါက်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နစ်နာသူ ဦးအုန်းမောင်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြခဲ့လို့ မှားယွင်းထုတ်ယူခဲ့တဲ့ လျော်ကြေးငွေတွေကို ပြန်လည်အပ်နှံဖို့ မြို့နယ်စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဦးကျော်သောင်း လက်မှတ်နဲ့ စာထုတ်ပြန်ခဲ့ပါသေးတယ်။

ဦးအုန်းမောင်ရဲ့သားဖြစ်သူ ကိုအေးလင်းက “ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတဲ့အတွက် မြို့နယ်စီခန့်ကို သွားပြောတော့ လိမ်လည်မှုနဲ့ တရားစွဲခိုင်းတယ်။ မြို့နယ်ကနေ ခရိုင်တရားရုံး ရောက်တော့ ကုမ္ပဏီကို လိမ်တာ၊ ခင်ဗျားတို့ကို လိမ်တာမဟုတ်တဲ့အတွက် လိမ်လည်မှုမမြောက်ဘူးဆိုပြီး ပယ်ချခဲ့တယ်။ တိုင်းအယူခံတက်တော့လည်း ဒီအတိုင်းပဲ။ ၃ နှစ်ကျော် တရားရင်ဆိုင်ပြီး နောက်ဆုံး ကိုယ့်မြေကိုယ့်ယာ ပိုင်ဆိုင်တယ်ဆိုတာ သိအောင် အခုလို လုပ်ရတာပဲ။ နောက်ထပ် ကျနော်တို့လို အလိမ်ခံရသူတွေလည်း ရှိသေးတယ်။ သူတို့လည်း ခြံခတ်ဖို့ ပြင်နေတယ်။ ကျနော်ကတော့ ဒီမြေမှာ ငှက်ပျောစိုက်မယ်။ လူနေမယ်”လို့ ပြောပါတယ်။

အနီးအနားမှာ အခုလို လိမ်လည်ပြီး ငွေထုတ်တာ တောင်သူ ၄ ဦး၊ ၅ ဧကကျော် ရှိတယ်လို့ ဆိုပါတယ်။ ခြံခတ်၊ တဲဆောက်တာကို မိုးကြိုးပြင်တောင်ရွာ၊ အလယ်ရွာက တောင်သူတွေလည်း လာရောက်ဝန်းရံခဲ့ကူညီခဲ့ကြပါတယ်။

မိုးကြိုးပြင်အလယ်ရွာက ဦးဝင်းကျော်က “ရောင်းတဲ့သူကလည်း ခိုးရောင်းတာ။ ဝယ်တဲ့သူကလည်း စားပွဲပေါ်ကနေ ခိုးဝယ်ထားပြီးတော့ ၆၀ ရာခိုင်နှုန်း ရပါပြီ။ ၇၀ ရာခိုင်နှုန်း ရပါပြီ ပြောဆိုတာပါ။ ကျနော်တို့အနေနဲ့ ဖြစ်စေချင်တာကတော့ မူလပိုင်ရှင်တွေဆီရောက်အောင် အမြန်ဆုံး စုံစမ်းစစ်ဆေးပေးပြီးမှ မြေပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ ကျေနပ်မှု ရှိ၊ မရှိ ဆွေးနွေးပြီးပြီဆိုမှ ကာလတန်ကြေးကို ဆုံးဖြတ်စေချင်ပါတယ်”လို့ ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာပြဿနာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ပြန်လည်ဖြေရှင်းဖို့ကိုလည်း တောင်သူတွေက တောင်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013