
ချီလီသမ္မတ ဟိုဆေး အန်တိုနီယို ကတ်စ်ဟာ ရွှံ့နွံပြိုကျမှုကြောင့် အိမ်ခြေ ၆၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားခဲ့ရတဲ့ တိုကိုပီလ်ယာ ကမ်းရိုးတန်းမြို့ကို ဩဂုတ် ၂၀ ရက်က သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ခဲ့ပါတယ်။
“ဒါဟာ တော်တော်လေးကို သမိုင်းဝင်တဲ့ ပြဿနာတခုပါ။ မြေနိမ့်ကျင်းတွေကြောင့် အိမ်ခြေ ၁၀,၀၀၀ လောက် ထိခိုက်ထားတာတွေ့ရပြီး ခုလို ရေစီးကြောင်းတွေပါ ထပ်ရောက်လာတော့ ပိုပြီးအခက်တွေ့လာနိုင်ပါတယ်” လို့ ချီလီသမ္မတ ကတ်စ်က ပြောပါတယ်။
စစ်တပ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်တွေဟာ ရွှံ့နွံတွေနဲ့ အပျက်အစီးတွေ ပိတ်ဆို့နေတဲ့ လမ်းတွေကို စက်ယန္တရားကြီးတွေသုံးပြီး ရှင်းလင်းပေးနေကြသလို သန့်ရှင်းရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်း တွေပါ ဝင်ရောက်ကူညီပေးနေကြပါတယ်။
အန်တိုဖာဂတ်စတာ ဒေသတွင်း ကယ်ဆယ်ရေးစခန်းတွေမှာ လူပေါင်း ၁,၀၈၆ ယောက်ထက်မနည်း ခိုလှုံနေရဆဲဖြစ်ပြီး အဲဒီအထဲက အဓိက ထက်ဝက်နီးပါးဟာ တိုကိုပီလ်ယာမြို့က ဖြစ်တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ရီခါဒို ဒီးယက်ဇ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ချောက်ကမ်းပါးတွေဘက်ကနေ ရေနဲ့ ရွှံ့နွံတွေ ရုတ်တရက် ကျဆင်းလာချိန်မှာ အရေးပေါ် သတိပေးစနစ်က အချိန်မီ သတိပေးနိုင်ခြင်း မရှိခဲ့ပေမဲ့ သေဆုံးသူနဲ့ ပျောက်ဆုံးသူတော့ မရှိဘူးလို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ချောက်ကမ်းပါးတွေ ဝန်းရံထားတဲ့ ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်း မြေပြန့်ပေါ်မှာ တည်ရှိတဲ့ အဲဒီမြို့မှာ ရေကာတာ/ရေထိန်းကန်တွေ ရှိနေတာကြောင့်မို့လို့သာ ဒီထက်မက ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ မဖြစ်အောင် တားဆီးနိုင်ခဲ့တာလို့ ရီခါဒို ဒီးယက်ဇ်က ဆိုပါတယ်။
တမြို့လုံးနဲ့ လူငယ်အများအပြား လာရောက်ကူညီပေးကြပြီး ခုဆို ရေတပ်နဲ့ စစ်တပ်ကလည်း ပေါက်တူး ပေါက်ပြားတွေနဲ့ ရှင်းထုတ်ပေးသွားလို့ ၇၀၊ ၈၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း နီးပါး သန့်ရှင်းသွားပါပြီလို့ ရေဘေးသင့် တိုကိုပီယာ ဒေသခံတယောက်က ပြောပါတယ်။
Source: Reuters











