
တောင်ကိုရီးယားစစ်သား ၂ ယောက် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့တဲ့ လတ်တလော နယ်စပ်မိုင်းပေါက်ကွဲမှုဟာ မြောက်ကိုရီးယား ထောင်ထားတဲ့မိုင်းတွေကြောင့် ဖြစ်တယ်လို့ တောင်ကိုရီးယားက အောက်တိုဘာ ၅ ရက်မှာ ပြောကြားလိုက်ပြီး တောင်ကိုရီးယားစစ်တပ်က မိုင်းရှင်းလင်းရေးလုပ်နေတဲ့ ဗီဒီယိုဖိုင်တခုကိုလည်း ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလကတည်းက တောင်ကိုရီးယားနဲ့ နယ်စပ်ကို ခိုင်မာအောင် လုပ်လာခဲ့တဲ့ မြောက်ကိုရီးယားဟာ ဒီနှစ်ထဲမှာ မိုင်းတွေနဲ့ စည်းရိုးတွေ တပ်ဆင်ဖို့ အလုပ်သမား ၇,၀၀၀ အထိ စေလွှတ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှု အကြိမ် ၅၀ လောက် ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဂွမ်ဒဲဝမ်က ပြောကြားရာမှာ ကုလသမဂ္ဂစစ်ဌာနချုပ် (UNC) နဲ့ ပူးတွဲစစ်ဆေးချက် ရလဒ်တွေနဲ့ သိပ္ပံနည်းကျ အထောက်အထားတွေအပေါ် အခြေခံအရ စစ်ရေးနယ်နိမိတ်မျဉ်း (MDL) ရဲ့ တောင်ဘက်မှာ ပုံမှန်တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ တောင်ကိုရီးယားစစ်သားတွေဟာ ‘နယ်စပ်ခံစစ်အင်အား တိုးမြှင့်တည်ဆောက်ရေး’ လုပ်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြောက်ကိုရီးယားက မြှုပ်နှံထားတဲ့ ပလတ်စတစ် လူသတ်မိုင်းတွေကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တာလို့ ရှင်းပြပါတယ်။
ဒီမိုင်းတွေဟာ မတော်တဆ မျောပါလာတာမျိုး မဟုတ်ဘဲ အနည်းဆုံး ၁၂ လကျော်ကတည်းက တမင်တကာ ရည်ရွယ်ချက်ရှိရှိ မြှုပ်နှံထားတာဆိုပြီး UNC က အတည်ပြုထားတယ်လို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိရတဲ့ မိုင်းတွေနဲ့ မိုင်းပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျင်းတွေအကြားက အကွာအဝေး၊ မိုင်းတန်းတွေအကြားရှိ အကွာအဝေး ခြားနားမှုတွေကို တွက်ကြည့်ရင်လည်း မြောက်ကိုရီးယားစစ်တပ်သုံး ပုံမှန်မိုင်းအမျိုးအစား ဖြစ်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားအနေနဲ့ စစ်သားတွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တဲ့အတွက် တောင်းပန်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး ထောင်ထားတဲ့မိုင်းတွေကို ဖယ်ရှားပေးဖို့ တောင်ကိုရီးယားက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားက မိုင်းတွေကို မဖယ်ရှားဘူးဆိုရင် သူတို့ကိုယ်တိုင် ဆက်ပြီး ရှင်းသွားမယ်လို့လည်း တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။
ဒါ့အပြင် သတင်းစာရှင်းလင်းပွဲမှာ စစ်ဆင်ရေးညွှန်ကြားရေးမှူး ယာ့န်ဂျင်ဟော့ ကလည်း မိုးသည်းထန်ချိန်က အင်ဂျင်မြစ်ထဲမှာ ရေမျောပါလာလို့ ဆယ်ယူရရှိထားတဲ့ မိုင်းဟာ အညိုရောင်၊ လေးထောင့်ပုံစံ၊ ပလတ်စတစ်နဲ့ လုပ်ထားပြီး မျက်နှာပြင်မှာ ကွက်စိပ်ပုံစံ ပါနေပြီး စက်တင်ဘာ ၂၉ ရက် မြေပြင်စစ်ဆေးမှုမှာ တွေ့ခဲ့ရတဲ့မိုင်းနဲ့ ပုံစံချင်း လုံးဝတူနေတယ်လို့ ရှင်းပြပါတယ်။
စက်တင်ဘာ ၂၁ ရက်က ပေါက်ကွဲခဲ့တဲ့ မိုင်းကလည်း တနှစ်လောက်ကတည်းက ထောင်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်ကလည်း DMZ အတွင်း စစ်ရေးမျဉ်း တောင်ဘက်ခြမ်းမှာ မြောက်ကိုရီးယား လူသတ်မိုင်းတလုံး ထပ်တွေ့ခဲ့ရကာ ဒါဟာ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တာ ဖြစ်တယ်လို့ UNC က ပြောဆိုထားပါတယ်။
ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီးတော့ ဘယ်နေရာ၊ ဘယ်အချိန်မှာ ရိုက်ကူးခဲ့လဲ ဆိုတာကိုတော့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။
ပေါက်ကွဲရတဲ့ အကြောင်းရင်းကိုလည်း အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ နယ်စပ်အနီး မိုင်းရှင်းလင်းရေးလုပ်နေတုန်း ပေါက်ကွဲခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားတာပါ။
ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမဖြစ်တဲ့ ကင်မ်ယိုးဂျုံ ကတော့ တောင်ကိုရီးယားရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ဆိုပြီး တောင်းပန်ဖို့ တောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။
Source: Reuters










