မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ ၃ တွင် လုယက် ဓားပြတိုက်မှုဖြစ်ပွား
DVB
·
August 24, 2018

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နောက်လယ်ရပ်၊ ပိတောက်ရွှေဝါလမ်းမကြီးမှာ ဖွင်လှစ်ထားတဲ့ ကမ္ဘောဇဘဏ်ခွဲ ၃ မှာ ဒီကနေ့ သြဂုတ် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီလောက်က လုယက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
အရပ် ၅ ပေ ၅ လက်မလောက်ရှိတဲ့ အမျိုးသားတဦးက ဘဏ်ထဲဝင်လာပြီး အရိုး ၁ ပေလောက်ရှိတဲ့ စတီးဓားကို ပြကာ ခြိမ်းခြောက်ပြီး ကောင်တာ ၂ က ဒေါ်သင်းသင်းအိထွေးထံကနေ တထောင်ကျပ်တန် ၃ သိန်း၊ ကောင်တာ ၅ မှ ဘဏ်ဝန်ထမ်း ကိုမင်းထွေးထံက တထောင်တန် ကျပ် ၂ သိန်း စုစုပေါင်း ကျပ် ၅ သိန်း လုယူထွက်ပြေးသွားပါတယ်။
မြိတ်မြို့ခံ ဦးတင်ကိုကိုဦးက “အဲဒီမှာ ဓားအရှည်ကိုင်ထားတဲ့ လူတယောက်ကနေပြီးတော့ ဓားပြတိုက်တာပေါ့။ အဲဒီမှာ ငွေ ၅ သိန်း ပါသွားတယ်။ အခုလောလောဆယ်တော့ မိပြီလို့လည်း သတင်းကြားတယ်။ ဒါပေမယ့် အတည်တော့ မဖြစ်သေးဘူး” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြီးကြပ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။
မြိတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ကမ္ဘောဇဘဏ်ခွဲ ၁ မှာ အလားတူ လုယက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့လို့ ငွေသိန်းရာချီ ပါသွားခဲ့ဖူးပါတယ်။