DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် ပတ်စ်ပို့သက်တမ်း နေ့ချင်းပြီး မတိုးပေးတော့ဟု စစ်အုပ်စုသံရုံး ကြေညာ
DVB
·
June 20, 2026
Photo: MOFA
Photo: MOFA
Donate to DVB

မလေးရှားရောက် မြန်မာနိုင်ငံသားတွေအတွက် ပတ်စ်ပို့သက်တမ်းတိုးပေးတဲ့လုပ်ငန်းစဉ်ကို နေ့ချင်းပြီးမလုပ်ပေးတော့ဘဲ ကြာမြင့်ချိန် ၃ ရက် ပြောင်းလဲသတ်မှတ်သွားမယ်လို့ စစ်အုပ်စုသံရုံးက ဇွန် ၁၉ ရက်နေ့စွဲနဲ့ အသိပေးကြေညာပါတယ်။

ကွာလာလမ်ပူမြို့မှာရှိတဲ့ စစ်အုပ်စုသံရုံးက တခြားကောင်စစ်ဆိုင်ရာလုပ်ငန်းတွေကို ပိုပြီးဝန်ဆောင်မှုပေးနိုင်အောင် ပတ်စ်ပို့သက်တမ်းတိုးဆောင်ရွက်ရမဲ့ရက် တိုးမြှင့်ပြောင်းလဲရတာလို့ ဆိုပါတယ်။

ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားတာ၊ ထောက်ခံစာထုတ်ပေးတဲ့ လုပ်ငန်းတွေကို နေ့ချင်းပြီး ဆက်လုပ်ပေးသွားမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာကို ဇူလိုင် ၁ ရက်ကစကာ ကြာချိန် ၃ ရက်ပြောင်းလဲမှာလို့ ဖော်ပြထားပါတယ်။

အဲဒီလို ကြာမြင့်မဲ့ရက် ပြောင်းလဲလိုက်တာကြောင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့အတွက် အဝေးကလာရမဲ့သူတွေ အခက်အခဲများစွာကြုံရနိုင်တယ်လို့ မလေးရှားရောက် မြန်မာလုပ်သားတွေက ဆိုပါတယ်။

ပီနန်းမြို့မှာ အလုပ်လုပ်နေသူတယောက်က “ခွင့်ရက်ရဖို့ ခက်တဲ့သူတွေအတွက် အဆင် ပြေမှာမဟုတ်ဘူး။ သွားလာနေထိုင်ဖို့ကအစ အများကြီးအခက်တွေ့ရမှာ။ သံရုံးက အဆင် ပြေအောင်လုပ်ပေးတာလား၊ အခက်တွေ့အောင် လုပ်တာလား ပြန်မေးရမလိုဖြစ်နေတယ်” လို့ ပြောပါတယ်။

အဲဒီသံရုံးမှာ ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေ လက်ခံဆောင်ရွက်ပေးရတဲ့ အရေအတွက် ၃၅၀ ကနေ ၄၅၀ ကြားရှိပြီး စောင့်ဆိုင်းရတဲ့အချိန် ကြာမြင့်ရတဲ့ အဆင်မပြေမှုတွေ ရှိနေခဲ့တာကြောင့် ပတ်စ်ပို့သက်တမ်းတိုးတဲ့လုပ်ငန်း ကြာချိန် ပြောင်းလဲရတာလို့ အကြောင်းပြဖြေရှင်းထားပါတယ်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာနဲ့ ပတ်သက်လို့ လက်ခံဆောင်ရွက်ပေးမဲ့သူအရေအတွက် ပြောင်းမှာမဟုတ်ဘဲ မနက် ၈ နာရီခွဲကနေ ၁၁ နာရီခွဲအထိ လျှောက်ထားနိုင်ပြီး လျှောက်တဲ့နေ့အပါအဝင် ၃ ရက်ပြည့်တဲ့နေ့ ညနေ ၃ နာရီကနေ ၄ နာရီခွဲအတွင်း ထုတ် ပေးသွားမယ်လို့ အသိပေးထားပါတယ်။

ပတ်စ်ပို့သက်တမ်းတိုးတာကို ဇူလိုင် ၁ ရက်မှာ လုပ်ငန်းဆောင်ရွက်ချိန် ပြောင်းလိုက်ပြီးနောက်ပိုင်း နေ့ချင်းပြီး ဆောင်ရွက်ပေးမယ်ဆိုတဲ့ လိမ်လည်တာတွေကို သတိထားဖို့ စစ်အုပ်စုသံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာလုပ်သား သန်းချီရှိနေတာဖြစ်ပြီး ပတ်စ်ပို့ကိုင်ဆောင်ပြီး တရား ဝင်ရောက်ရှိလုပ်ကိုင်နေသူတွေရှိသလို အထောက်အထားမဲ့ လုပ်ကိုင်နေသူတွေလည်း ရှိပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013