
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဖားပြင်ရွာထဲ ကျောက်စိမ်းလုပ်ကွက်တွေကနေ စိမ့် ထွက်လာတဲ့ ရေတွေကြောင့် ဒေသခံတွေ ပြောင်းရွေ့နေကြရပြီး ရွာလုံးကျွတ်ပျောက် ကွယ်တော့မဲ့ အန္တရာယ် ရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားပြင်ရွာအထက်မှာ ကျောက်စိမ်းလုပ်ကွက်ရှိနေပြီး အဲဒီလုပ်ကွက်နဲ့ ကျေးရွာကြားမှာ ပေ ၂၀ ဝန်းကျင်ရှိတဲ့ ဖို့မြေရှိနေပေမဲ့ ရွာထဲကိုရေတွေစိမ့်ထွက်လာလို့ ၄ ပေဝန်းကျင် အိမ်ခြေပေါင်း ၁၀၀ ကျော် နစ်မြုပ်နေပြီလို့ ဆိုပါတယ်။
ဖားပြင်ရွာဒေသခံတယောက်က”ကျင်းတွေက အထက်ဘက်ဖြစ်နေတာ၊ ရွာက အောက်ဘက်မှာ ကျင်းနဲ့ ရွာနဲ့က ဖို့မြေလုပ်ပြီး လမ်းတခုခြားထားတာ။ အဲဒီလမ်းက ပေ ၂၀ လောက်တော့ရှိတယ်။ အဲဒါက ဖို့မြေပေါ့။ အထက်မှာက ကျောက်ကတူးထားတော့ မိုးတွင်းကျ ရေကအိုင်ရော၊ ကျင်းက မိုးတွင်းမလုပ်တဲ့အခါကျတော့လေ။ ကျင်းထဲမှာရှိ တဲ့ရေတွေက ဖို့မြေအောက်ကနေစိမ့်ထွက်ပြီး ရွာထဲကိုဝင်လာတာ။ ဖို့မြေနဲ့နီးတဲ့ အိမ် တွေကတော့ ရေနစ်ကုန်တာပေါ့နော်။ ပြောမယ်ဆိုရင်တော့ ဖို့မြေအောက်ကနေ စိမ့်ထွက်နေတဲ့ရေတွေကြောင့် ဖားပြင်ရွာနေအိမ်တွေကို အချိန်မရွေးဖုံး သွားနိုင်တဲ့ အခြေအနေရှိတယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ စေတီကုန်းလုပ်ကွက် ဖို့မြေနဲ့နီးကပ်တဲ့ စေတီကုန်းအတက်လမ်း၊ ရပ်ကွက် ၂ အပြင် အနီးအနားက နေအိမ်တွေ ရေနစ်မြုပ်နေတာကြောင့် ဒေသခံတချို့ ပြောင်းရွှေ့ကြရတယ်လို့ ဆိုပါတယ်။
ဖားပြင်ရွာဒေသခံတယောက်က “တရွာလုံးမြုပ်သေးဘူး။ ဒေသခေါ် စေတီကုန်းအတက်လမ်းနဲ့ ရက်ကွက် ၂ ခေါ်မယ် ရေတွင်းနားက ရက်ကွက်အစု စိမ့်ထွက်နေတာပဲ။ ဆုတောင်းကုန်းကန် လုပ်ကွက်ကန်ကနေ စိမ့်လာတာ။ အခုဆို ညကင်း လည်းစောင့်ပေးနေကျရပြီ။ ကျမအသိတွေတော့ မနေရဲလို့ ပြောင်းသွားကြပြီ။ အိမ်သာကအစ အဆင်မပြေကြတော့လို့ မိုးများရင်လဲ ကြောက် ရတယ်။ အရင်ကလည်း အဲဒီလိုလုပ်ကွက်ပေါက်ကျဖူးတော့ ကြောက်ကြတယ်။ မိုးများရင် အိမ်တောင် မပျော်ဘူး”လို့ ပြောပါတယ်။
ကျေးရွာအတွင်းမှာ ရေဟာလူတရပ်စာဝန်းကျင် နစ်မြုပ်နေတာဖြစ်ပြီး ရေနုတ်မြောင်း ကနေလည်း ရေမထွက်ဘဲ ရွာထဲကိုရေစိမ့်ထွက်နေသလို ဒီနှစ်မှာလည်း မိုးများပြီး မြေပြိုကျတာတွေ မကြာခဏ ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။
အဲဒီလို ဖားပြင်ရွာထဲကို ရေစိမ့်ဝင်နေတာက ဇူလိုင်လအစပိုင်းကတည်းကဖြစ်ပြီး ရေက စိမ့်ထွက် နေတာ မရပ်တော့သလို ရေဝင်ထားတဲ့အိမ်တွေလည်း ရေပြန်မကျတာတွေဖြစ် နေတယ်လို့ ဆိုပါတယ်။
ဖားပြင်ရွာဟာ အရင်ကတည်းကရှိတဲ့ကျေးရွာဖြစ်သလို အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး လက်ရှိ ရေစိမ့်ထွက်လို့ အန္တရာယ်ရှိအနေအထားဖြစ်နေတဲ့ အိမ်ခြေဟာ ၁၀၀ ကျော်ရှိ တယ်လို့ ဆိုပါတယ်။
မနေ့ကလည်း ဖားကန့်မြို့ ၊ ဆိုင်းတောင်အုပ်စု မှော်ရှန်လမ်း၊ မှော်ရှန်ချောင်းအတွင်း မြေစာနဲ့ သဲနုံးဖို့ချမှုတွေကြောင့် ချောင်းအတွင်း ရေစီးနှုန်းလျှော့ကျပြီး ချောင်းဘေး မြေနိမ့်ပိုင်းတွေကို ရေနဲ့ မြေစာတွေစီးဝင်တာကြောင့် နေအိမ်တချို့ နစ်မြှုပ်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် တဖက်ကမ်း မမုံမှော်၊ မမုံကျေးရွာမှာလည်း စွန့်ပစ်မြေစာတွေပြိုကျလို့ ရွာအတွင်းက နေအိမ် ၁၅ လုံးဝန်းကျင် ပြိုကျပျက်စီးသွားပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကလည်း ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာမှာ လုပ်ကွက်နွံကန် ပေါက်ကျလို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၃၁ ယောက် ထက်မနည်းသေဆုံးခဲ့ရသလို နေအိမ် ၅၀ ကျော် နွံတွေအောက်နစ်မြှုပ်ပျက်စီးခဲ့ဖူးပါတယ်။










