မြောက်ကိုရီးယားကို အလည်ရောက်နေတဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လေဟိုင်ကျုံးဟာ မြောက်ကိုရီးယားရဲ့ အမြင့်ဆုံးပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ဂျိုယောင်ဝန်နဲ့ ပြုံယမ်းမြို့တော်မှာ တွေ့ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ တရားဝင်သတင်းဌာန KCNA က မေ ၁၆ ရက်မှာ ဖော်ပြပါတယ်။
လေဟိုင်ကျုံးနဲ့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ မေ ၁၅ ရက်မှာ ဂျိုယောင်ဝန်နဲ့ အစည်းအဝေးတက် နေတဲ့ ရုပ်သံကိုလည်း KCNA က ထုတ်လွှင့်ခဲ့ပါတယ်။
ဒီရုပ်သံကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုတာတော့ မလုပ်နိုင်သေးပါဘူး။ လေဟိုင်ကျုံးဟာ မေ ၁၃ ရက်မှာ မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး ချိုးဆန်းဟွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
နှစ်ယောက်စလုံးက နိုင်ငံအသီးသီးမှာ အပြန်အလှန် ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့အပြင် ပြည်ပမူဝါဒချမှတ်တဲ့ အဖွဲ့အစည်းတွေအကြား မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ ပံ့ပိုးမှုကို ခိုင်မာအောင်လုပ်ဖို့ သဘောတူခဲ့ကြတယ်လို့ KCNAက အစီရင်ခံပါတယ်။
လေဟိုင်ကျုံးဟာ မေ ၁၂ ရက်မှာ ဗီယက်နမ်ခေါင်းဆောင် တိုလမ်ရဲ့ အထူးသံတမန်အဖြစ် ပြုံယမ်းမြို့တော်ကို ရောက်လာတာလည်း ဖြစ်ပါတယ်။
Source: Reuters











