DVB Logo
Home
မြန်မာသတင်း
ကရင်အာဇာနည်နေ့ ကျင်းပမည့်နေရာမှ အစိုးရတပ်များ ပြန်ထွက်ခွာ
DVB
·
August 7, 2018
ကရင်အာဇာနည်နေ့ ကျင်းပမည့်နေရာမှ အစိုးရတပ်များ ပြန်ထွက်ခွာ
Donate to DVB

ကရင်အာဇာနည်နေ့ ကျင်းပမယ့်နေရာမှာ  တပ်မတော်က စစ်ကြောင်းတွေနဲ့ တပ်ချခဲ့ပေမယ့် အခုရက်ပိုင်းမှာ ပြန်ထွက်ခွာသွားတဲ့အတွက် သတ်မှတ်ထားတဲ့ နေရာမှာပဲ အခမ်းအနား ကျင်းပမယ်လို့ ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် အတွင်းရေးမှူး စောရော်ဘင်မူးက ပြောပါတယ်။

လာမယ့် သြဂုတ် ၁၂ ရက်မှာ ကျရောက်မယ့် ၆၈ ကြိမ်​​မြောက်​ ကရင်​အာဇာနည်​​နေ့ အခမ်းအနားကို ကေအန်ယူ တပ်​မဟာ ၅ တပ်​ရင်း၊ ၁၀၂ နယ်မြေ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိ ကျေးရွာအုပ်စု ဖာလုံကြီးရွာမှာ  ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ကေအန်ယူ မူတြော်(ဖာပွန်)ခရိုင် အတွင်းရေးမှူး စောရော်ဘင်မူးက “မနေ့က ကျနော်တို့ သတင်းအရ စစ်တပ်ဘက်က နေရာရွှေ့လိုက်တယ်လို့ သိရတယ်။ အရင်က ဖာလုံရွာ လမ်းမပေါ်မှာရှိနေခဲ့တယ် အခုတော့ ဆုတ်သွားတယ်။ ဘယ်အထိ ဆုတ်သွားလဲ ဆိုတော့မသိဘူး။ ဒါပေမယ့် ကျနော်တို့ ကျင်းပမယ့် ကရင့်အာဇာနည်နေ့ အခမ်းအနားကတော့ အဆင်ပြေ ချောမွေ့မယ်လို့တော့ ထင်ပါတယ်။ ”

ကရင်အာဇာနည်နေ့အခမ်းအနားမှာ စစ်ရေးပြအခမ်းအနား ထည့်သွင်းမယ့်အပေါ် ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ထားခဲ့ပြီးနောက်  အခမ်းအနား ကျင်းပမယ့်နေရာမှာ တပ်မတော်က လက်နက်ကြီး လက်နက်ငယ်အပြည့်အစုံနဲ့ အင်အားဖြည့် ဝင်ရောက် ထပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

ကရင်အာဇာနည်နေ့ကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမယ်လို့ စောရော်ဘင်မူးက ပြောပါတယ်။

“ကန့်ကွက်စာကတော့ မကန့်ကွက်တော့ဘူးလို့ မပြောဘူး။ ကန့်ကွက်နေဆဲပဲ။ ကျနော်တို့ကလည်း ကျနော်တို့ လုပ်မယ့်ပွဲကလည်း သူများနေရာ၊ သူများခွင်၊ နောက်ပြီး သူများကို နှောင့်ယှက်မယ့် လှုပ်ရှားမှုမျိုးလည်း မဟုတ်ဘူး။ မိမိဒေသ၊ မိမိနယ်မြေ၊ မိမိအုပ်ချုပ်တဲ့ ဒေသမှာပဲ လုပ်တဲ့အတွက်ကြောင့် ကျနော်တို့ကတော့ စီစဉ်ထားတဲ့အတိုင်း အကောင်အထည်ဖော်မယ်ဆိုတာ ကျနော်တို့က ဆုံးဖြတ်ထားတာပေါ့နော်။”

အခုလို အစိုးရတပ်ဖွဲ့တွေ ထွက်ခွာပေးတာဟာ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ ညှိနှိုင်းမှုကြောင့် ဖြစ်နိုင်ပြီး ဒါဟာ ငြိမ်းချမ်းရေးအတွက် ကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့လည်း စောရော်ဘင်မူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013