
ယူကရိန်းနိုင်ငံရဲ့ သုံးပြီးသား နျူကလီးယား လောင်စာသိုလှောင်ရုံကို ရုရှားဒရုန်းတစင်း ထိမှန်ခဲ့တယ်လို့ ယူကရိန်းရဲ့ နိုင်ငံပိုင် နျူကလီးယားအော်ပရေတာ အီနာဂို အက်တမ် (Energoatom) က ဇွန် ၇ ရက်မှာ ပြောပါတယ်။
ချာနိုဘိုင်းရဲ့ ဖယ်ထုတ်ဇုန်ထဲမှာရှိတဲ့ နျူကလီးယား လောင်စာသိုလှောင်ရုံတခုထဲက ပျက်စီးနေတဲ့ အဆောက်အအုံတခုရဲ့ ဓာတ်ပုံကို အီနာဂို အက်တမ်က ထုတ်ပြန်ခဲ့ပါတယ်။
အဆောက်အအုံ အပြင်ဘက်ပုံကို မော်ကွန်းတိုက်နဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးခြင်းအားဖြင့် ရုပ်ပုံတွေရဲ့ တည်နေရာကို ရိုက်တာသတင်းဌာနက အတည်ပြုခဲ့ပါတယ်။
ရုပ်ပုံတွေရဲ့ ရက်စွဲကို အတည်ပြုလို့မရပေမဲ့ ယူကရိန်းရဲ့ နိုင်ငံတော်အဏုမြူအေဂျင်စီ အီနာဂို အက်တမ်က ၂၀၂၆ ခုနှစ် ဇွန် ၇ ရက် ဒေသစံတော်ချိန် မနက် ၀၂ နာရီ ၁၀ မိနစ်မှာ ဗဟိုအသုံးပြု နျူကလီးယား လောင်စာသိုလှောင်ရုံ (CSSF) ကို ဒရုန်းတိုက်ခိုက်မှုက ထိမှန်ခဲ့တယ်လို့ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုပါတယ်။
တိုက်ခိုက်ချိန်မှာ အဆောက်အအုံအတွင်း သုံးပြီးသား လောင်စာတွေကို သိုလှောင်ထားတာ မရှိကြောင်း၊ မီးလောင်တဲ့နေရာမှာ မီးငြိမ်းသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ယူကရိန်း နိုင်ငံတော်နျူကလီးယားအော်ပရေတာက ပြောခဲ့ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုက နျူကလီးယားပစ္စည်း အမြောက်အမြားကို သိုလှောင်ထားတဲ့ နေရာကနေ မီတာအနည်းငယ်အကွာက လောင်စာလက်ခံရေး အဆောက်အအုံကို သိသိသာသာ ပျက်စီးစေခဲ့တယ်လို့ ယူကရိန်းရဲ့ သတင်းပေးပို့ချက်အရ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇွန် ၇ ရက်မှာ ရုရှားဟာ ယူကရိန်းနိုင်ငံ ချာနိုဘိုင်း ဓာတ်အားပေးစက်ရုံနားက နျူကလီးယား လောင်စာသိုလှောင်ရုံတခုကို အလွန်ယုတ်မာတဲ့ တိုက်ခိုက်မှုပုံစံနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယားဘေးအန္တရာယ်ဖြစ်ခဲ့တဲ့ ချာနိုဘိုင်းစက်ရုံကနေ ၉ မိုင် အကွာမှာ ရှိတဲ့ စက်ရုံအပေါ် တိုက်ခိုက်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရုရှားက လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။
Source: Reuters










