DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လုံခြုံရေးကဏ္ဍ သဘောတူညီမှုရရန် အရေးကြီးဟု အတိုင်ပင်ခံ ပြော
DVB
·
July 16, 2018
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လုံခြုံရေးကဏ္ဍ သဘောတူညီမှုရရန် အရေးကြီးဟု အတိုင်ပင်ခံ ပြော
Donate to DVB

ပြီးပြည့်စုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်မှ ဖြစ်တာကြောင့် ရလဒ်ထွက်ဖို့ အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးရဲ့ နောက်ဆုံးနေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့တာပါ။

“ဒီညီလာခံကြီးမှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ကြတဲ့အခါ အားလုံး သဘောတူညီနိုင်တဲ့ အချက်တွေရှိသလို၊ အားလုံးသဘောတူညီဖို့ခက်တဲ့ အချက်တွေကိုလည်း တွေ့ရပါတယ်။ ဆွေးနွေးမှုတွေမှာ ပါဝင်ကြတဲ့ အစုအဖွဲ့တွေမှာ နောက်ခံသမိုင်းတွေ မတူသလို၊ အနာဂတ်ကို ပုံဖော်ပုံခြင်းလည်း မတူကြပါဘူး။ ဒီလို မတူညီတဲ့အမြင်တွေကြားထဲကနေ ဆွေးနွေးညှိနိုင်းမှုတွေ လုပ်ရတာဖြစ်တဲ့အတွက် အချိန်ယူ စိတ်ရှည်သီးခံပြီး ရလဒ်ထွက်အောင် ညှိနှိုင်းရတဲ့ လုပ်ငန်းစဉ်မှာ စိန်ခေါ်မှုတွေကတော့ အများကြီးရှိနေပါတယ်။

“လုံခြုံရေးကဏ္ဍမှာ ရလဒ်ထွက်နိုင်ဖို့က ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အများကြီးအရေးကြီးပါတယ်။ ပြီးပြည့်စုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ ဆိုတာ လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်မှ ဖြစ်မှာပါ။ ဒီအခက်အခဲတွေ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ဆိုရင် ကျမတို့ရဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်၊ ဖွဲ့စည်း တည်ဆောက်မှုနဲ့ ဒီဇိုင်းတွေကို အရှိအတိုင်း ရဲရဲတင်းတင်း ပြန်လည်သုံးသပ်ပြီး ပိုမို ကောင်းမွန်တဲ့ လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် ကျမတို့ဆက်လက်ပြီး ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

တတိယပင်လုံညီလာခံက အတည်ပြုလိုက်တဲ့ အချက် ၁၄ ချက်ကို ပြည်ထောင်စု သဘောတူ စာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ်  လက်မှတ်ထိုးခဲ့ကြပါတယ်။

၆ ရက်ကြာကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးရဲ့ နောက်ဆုံးနေ့မှာ ကဏ္ဍအလိုက် သဘောတူထားတဲ့ အချက် ၁၄ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် လက် မှတ်ရေးထိုးလိုက်တာပါ။

နိုင်ငံရေးကဏ္ဍမှာ အခြေခံမူအဆိုပြုချက် ၄ ချက်၊ စီးပွားရေးကဏ္ဍမှာ အခြေခံမူ အဆိုပြုချက် ၁ ချက်၊ လူမှုရေး ကဏ္ဍမှာ အခြေခံမူ အဆိုပြုချက် ၇ ချက်၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ကဏ္ဍမှာ အခြေခံမူ အဆိုပြုချက် ၂ ချက် စုစုပေါင်း ၁၄ ချက်ကို အတည်ပြုကြောင်း ကြေညာခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် လက်မှတ်ရေးထိုး ခဲ့ကြတာပါ။

“ဒီအချက်တွေကိုကြည့်လိုက်ရင် နှစ်မျိုးတွေ့ရှိနိုင်ပါတယ်။ တစ်မျိုးက တိုင်းရင်းသားတွေ လိုချင်တဲ့အရာတွေ၊ စိုးရိမ်နေတဲ့အချက်တွေကို လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိပေမယ့်လည်း ပိုမိုသေချာတဲ့စကားလုံး အသုံးအနူန်းတွေနဲ့ ထည့်သွင်းခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါရှိသေးတဲ့ အချက်တွေကို ပြည်ထောင်စု သဘောတူညီမှုတစ်ရပ်အနေနဲ့ ထည့်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ အခု သဘောတူညီလိုက်တဲ့ အချက်တွေက ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု သဘောတူ စာချုပ်ကြီး ချုပ်ဆိုနိုင်ဖို့အတွက် နောက်ထပ်တက်လှမ်းလိုက်တဲ့ ခြေလှမ်းသစ်တွေလည်း ဖြစ်ပါတယ်။”လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။

၂၁ ရာစု ပင်လုံ တတိယအကြိမ် ညီလာခံကို နေပြည်တော်မှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပတာဖြစ်ပြီး အန်စီအေမှာ လက်မှတ်ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013