DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်ပါမည်ဟု မြောက်ပိုင်း ၃ ဖွဲ့ထုတ်ပြန်
DVB
·
December 12, 2018
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်ပါမည်ဟု မြောက်ပိုင်း ၃ ဖွဲ့ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်ပါဝင်သွားမယ်လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့  ကိုးကန့် (အမ်အန်ဒီအေအေ)၊ တအာင်း (တီအန်အယ်လ်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ) တို့ ထုတ်ပြန်လိုက်ပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်တို့ ဒီကနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလိုထုတ်ပြန်လိုက်တာပါ။

ဒီတွေ့ဆုံသဘောတူရတာနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က “၂၀၁၆ လောက်ကတည်းက ကျနော်တို့နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့တာပေါ့နော်။ အဲဒီတုန်းကတော့ မြန်မာ့တပ်မတော်ဘက်က ကျနော်တို့ကို ကြေညာချက်တစောင်ထုတ်ဖို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ လိုက်ပါဖို့အတွက်ပေါ့နော်။ အဲဒီကတည်းက ကျနော်တို့ စကားလုံးတလုံး ညှိမရတာနဲ့ ဒီတွေ့ဆုံဆွေးနွေးမှုက ရပ်သွားသလို ဖြစ်သွားတာပေါ့။ အခု ၂၀၁၈ ခုနှစ်မှာ ပြန်လည်တွေ့ဆုံတော့ အခုနဲ့ဆို ၃ ကြိမ်ဖြစ်သွားပြီပေါ့နော်။ ဒီတွေ့ဆုံဆွေးနွေးမှုကိစ္စမှာ ကျနော်တို့ စကားလုံးကိုညှိနှိုင်းတယ်။ ဒီနေ့တော့ ဆွေးနွေးမှုထဲမှာ ကြေညာချက်ကိစ္စကို ဆွေးနွေးညှိနှိုင်းတော့ နှစ်ဖက် သဘောတူညီမှုရသွားတယ်။ စကားလုံးတွေကို သဘောတူညီမှုရတယ်။ အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ကျနော်တို့က ပူးပေါင်းပါဝင်လိုတဲ့၊ လိုက်ပါဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်ဆိုပြီးမှ ထုတ်ပြန်တာ” လို့ ပြောပါတယ်။

အစောပိုင်းက ညှိနှိုင်းလို့မရတဲ့ စကားလုံးကတော့ လက်နက်စွန့်ရမယ်ဆိုတဲ့ စကားလုံးက အဓိက တစ်ဆို့နေခဲ့ရာကနေ အဲဒီစကားလုံးကို မပါတော့တဲ့အတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လိုက်ပါဆောင်ရွက်ဖို့ သဘောတူညီတာလို့ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာလည်း “မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးအား ဆောလျင်စွာဖော်ဆောင်နိုင်ရန်နှင့် ကောင်းမွန်သော ငြိမ်းချမ်းရေးအခင်းအကျင်းကို ဖန်တီးနိုင်ရန်အတွက် စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်း လမ်းအရ ဆောင်ရွက်ရန် ဆန္ဒရှိပါသည်။ ထို့အတူ မြန်မာ့တပ်မတော်ဘက်မှလည်း စစ်ပွဲများချုပ်ငြိမ်းစေရန်ဆောင်ရွက်မည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါသည်။ မိမိတို့အနေဖြင့် ဤအခင်းအကျင်းအောက်တွင် နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း” ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ မြောက်ပိုင်း (၃) ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ဆောင်ရွက်မယ့် ကြေညာချက်အပေါ် ၀မ်းသာကြိုဆိုကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

“ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ မြောက်ပိုင်း ၃ ဖွဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပါ။ ရှမ်းမြောက်က ဒေသခံတိုင်းရင်းသား ပြည်သူတွေအနေနဲ့လည်း မျှော်လင့်ချက် ကြီးစွာနဲ့ ကြိုဆိုနေကြမှာ ဖြစ်ကြောင်းလည်း အပြည့်အဝ ယုံကြည်မိပါတယ်။ ရှေ့ဆက်ပြီးတော့ လည်း နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်လက်ပါဝင်သွားဖို့ ဆောင်ရွက်သွားနိုင်ကြပါစေကြောင်း ဝမ်းမြောက်ဝမ်းသာ ဆန္ဒပြုလိုက်ရ ပါတယ်။”

ဒီကနေ့ ပြုလုပ်တဲ့ မြောက်ပိုင်းမဟာ မိတ် ၃ ဖွဲ့နဲ့တွေ့ဆုံပွဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး အပါဝင် အဖွဲ့ဝင်တွေ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်နဲ့ UWSA ‘၀’ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013