DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပိုမိုပါဝင်ရေး ကရင်နီအမျိုးသမီးများတောင်းဆို
DVB
·
May 16, 2019
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပိုမိုပါဝင်ရေး ကရင်နီအမျိုးသမီးများတောင်းဆို
Donate to DVB

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပိုမိုပါဝင်ခွင့်ပေးဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ကရင်နီ အမျိုးသမီးများညီလာခံကနေ ထွက်ရှိလာတဲ့ ဆွေးနွေးသုံးသပ်ချက်၊ တောင်းဆို ချက်တွေကို သက်ဆိုင်ရာထံ တင်ပြတောင်းဆိုသွားမယ်လို့ ကရင်နီ အမျိုးသမီးအစည်းအရုံးက ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ကရင်နီ အမျိုးသမီးများညီလာခံကို မေလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ၃ ရက်ကျင်းပခဲ့တာဖြစ်ပြီး ကယားပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်အပြင် ရှမ်းကယားနယ်စပ်က ဒေသခံကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီညီလာခံကနေ ထွက်ရှိလာတဲ့အချက်တချို့နဲ့ပတ်သက်ပြီး ကရင်နီအမျိုးသမီးအစည်း အရုံး အထွေထွေအတွင်းရေးမှူး မမီးမီးက “အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိပ္ပါယ် ပြည့်ဝစွာ ပိုမိုပါဝင်နိုင်အောင် ဘယ်လိုဗျူဟာတွေနဲ့ သွားကြမလဲဆိုတဲ့ဟာကို ဆွေးနွေးတာတွေ ရယ်၊ တက်လာတဲ့ လူထုတွေပေါ့နော်။ အမျိုးသမီးထုတွေရော အမျိုးသားလည်းပါတယ်။  သူတို့ တွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ် အကြောင်းကို သူတို့လည်း သိသွားတာပေါ့။ update ကို သိသွား ကြတယ်။ တချို့ကျတော့လည်းတခါမှတောင် မကြားဖူးကြဘူး။ ဖက်ဒရယ်ဆိုတာ သေနတ်လား အဲလိုမျိုးမေးတာတွေလည်းရှိတော့ အဲဒါအကြောင်းကိုလည်း သူတို့ သိသွားတာပေါ့နော်။ ”

ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာစေဖို့၊  မူဝါဒရေးဆွဲရာမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ၊ စိန်ခေါ်မှုတွေရဲ့ အခြေခံအကြောင်းတရးတွေကို ဖြေရှင်းပေး နိုင်တဲ့ မူဝါဒတွေဖြစ်ပေါ်လာစေဖို့၊ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့အညီ ကျား၊ မရေးရာ ကိစ္စ တွေကို အလေးထားတဲ့ မူဝါဒ ဖြစ်ပေါ်ပေါ်လာစေဖို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက သုံးသပ်ဆွေးနွေးခဲ့ကြ ပါတယ်။

ဒီညီလာခံကျင်းပရတဲ့ ရည်ရွယ်ချက်ကို မမီးမီးက “အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုမိုပါဝင်လာပြီးတော့ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာမှာ ပါဝင်လာနိုင်အောင်လို့၊ နောက် တခါကျတော့ အမျိုးသမီးတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေပေါ့နော်။ မငြိမ်းချမ်း၊ မလုံခြုံတဲ့အခြေအနေတွေသိရှိပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မူဝါဒတွေ ချမှတ်တဲ့နေရာမှလည်း အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်လာတော့မှပဲ ပြီးပြည့်စုံတဲ့ မူဝါဒတွေ ဖြစ်မှာမို့လို့ အမျိုးသမီးတွေကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ လူဦးရေထက်ဝက်ကျော်ရှိတဲ့ သူတို့ရဲ့အသံ လည်းပါဖို့လိုတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့နော်”  လို့ ပြောပါတယ်။

ညီလာခံမှာ ဆွေးနွေးချက်တွေအပြင် အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ ဗျူဟာ ၈ ချက်ကိုလည်း ချမှတ်နိုင်တဲ့ပြီး အဲဒီဗျူဟာတွေကို မိမိကိုယ်တိုင်အပြင်  သက်ဆိုင်ရာ အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စည်းရုံးလှုံ့ဆော် သွားမည်လည်း ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၁၄ ရက်က ကယားပြည်နယ်မှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်ကို ပြည်နယ်အစိုးရက တုံ့ပြန်မှုဟာ ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးအတွက် ကရင်နီပြည်နယ် အမျိုးသမီးများညီလာခံကို မေလ ၁၃ ရက် ကနေ ၁၅ ရက်နေ့အထိ လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ မောဒူဒီးဘိုးဟိုးရွာမှာ ကျင်းပ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013