ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်သင့်
DVB
·
September 21, 2017

ငြိမ်းချမ်းရေးဖြစ်စဉ်တွင်းမှာ အမျိုးသမီးတွေရဲ့ အရေအတွက်နဲ့ အသံတွေက ဦးဆောင်ပါဝင်မှုကဏ္ဍ ပိုပြီးတိုးမြှင့်စေဖို့အတွက် ပိုမိုပါဝင်သင့်တယ်လို့ မိကွန်ချမ်းနွန် (ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့)(AGIPP)က ပြောဆိုပါတယ်။
ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်မှာ ငြိမ်းချမ်းရေးတွက် အမျိုးသမီးများဖိုရမ် ဒုတိယနေ့ အမျိုးသမီးများ၏ ငြိမ်းချမ်းရေး လှုပ်ရှားမှုများ စကားဝိုင်းမှာ အခုလို ပြောဆိုလိုက်တာပါ။
မိကွန်ချမ်းနွန်က “အမျိုးသမီးတွေ ပိုပြီးတော့ ပါသင့်တယ်ပေါ့။ မနေ့ကလည်း ကျမတို့ အများကြီး ဆွေးနွေးသွားတယ်ဆိုတဲ့ထဲမှာ အမျိုးသမီးတွေမှာ အရည်အချင်းရှိသလားဆိုတဲ့ မေးခွန်းတွေ မေးခံရတယ်ပေါ့။ အခုလက်ရှိပါဝင်နေတဲ့ လူတွေဆီမှာရော အရည်အချင်း ဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းတွေ ဘယ်သူမှ မမေးကြပါဘူး။ ဒါပေမယ့် ကျမတို့အနေနဲ့ ယုံကြည်ချက်ရှိတဲ့တခုကတော့ ကျမတို့ အမျိုးသမီးတွေဟာ အတွေ့အကြုံရှိပါတယ်။ အရည်အချင်းလည်း ရှိပါတယ်။ ဒါပေမယ့် နေရာမရရှိတဲ့အတွက်ကြောင့်သာလျှင် ကျမတို့က နေရာရရှိရေးအတွက်ဆိုတဲ့ ၃၀ ရာခိုင်နှုန်းကို အမြဲတမ်းတွန်းအားပေးတယ်”လို့ ပြောပါတယ်။
အမျိုးသမီးများ၏ ငြိမ်းချမ်းရေး လှုပ်ရှားမှုစကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအနေနဲ့ နိုးနိုးထက်စံ(Socdem Asia Co-ordinator)၊ ဒေါ်သင်းသင်းအောင် (အမျိုးသမီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ)(WLB)၊ မိကွန်ချမ်းနွန် (ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့)(AGIPP)၊ နန်းဖြူဖြူလင်း (ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်)(GEN)တို့က ပါဝင်ဆွေးနွေးခဲ့ပါတယ်။
ဆက်လက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ အတွေ့အကြုံ ဖလှယ်ခြင်း စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအနေနဲ့ နော်မေဦး (သံလွင်လူမှုသုတေသန စောင့်ကြည့်ရေးအဖွဲ့)၊ နော်ဒါးဒါး(ကရင်အမျိုးသား အစည်းအရုံး)(KNU)၊ မိဆူးပွင့် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး)(ABSDF)၊ ဒေါ်ဒွဲဘူ (စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ ကချင်ပြည်နယ်)(UDPKS)၊ မိုင်ချင်းချင်း (ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း)(NBF)တို့က ပါဝင်ဆွေးနွေးခဲ့ပါတယ်။
အဆိုပါဆွေးနွေးခဲ့တဲ့ ဆွေးနွေးမှုတွေကို ဖိုရမ်တက်ရောက်လာတဲ့သူတွေက သိရှိလိုတဲ့ အကြောင်းအရာအလိုက် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပါတယ်။
နေ့လယ်ပိုင်းမှာ သတ်မှတ်ထားတဲ့ အကြောင်းအရာတွေဖြစ်တဲ့ အမျိုးသမီးများ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် နိုင်ငံရေးအကြောင်း၊ ပြည်တွင်းစစ်ပြေးရှောင်များနှင့် စစ်ဘေးဒုက္ခသည်များအကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများ ပါဝင်မှုအကြောင်းတွေကို အဖွဲ့လိုက်ခွဲပြီး ဆွေးနွေးခဲ့ပါတယ်။
ဒုတိယနေ့ ဖိုရမ်မှာ အစီအစဉ် ၅ ခုထည့်သွင်း ကျင်းပခဲ့ပါတယ်။
သတင်း - ရဲမင်းခေါင်