DVB Logo
Home
မြန်မာသတင်း
အဆင့်မြင့် ရက်ကန်းနည်းပညာ သင်တန်းကျောင်း ဝမ်းတွင်းတွင် ဖွင့်လှစ်မည်
DVB
·
July 13, 2018
အဆင့်မြင့် ရက်ကန်းနည်းပညာ သင်တန်းကျောင်း ဝမ်းတွင်းတွင် ဖွင့်လှစ်မည်
Donate to DVB

ဝမ်းတွင်းမြို့နယ်မှာ နိုင်ငံခြားအထောက်အပံ့နဲ့ အဆင့်မြင့် ရက်ကန်းနည်းပညာ သင်တန်းကျောင်းဖွင့်ဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာနိုင်ငံ ချည်မျှင်နှင့်အထည်အလိပ်အသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်မိုးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမမှာ ဇူလိုင် ၁၁ ရက် မနက်က မြန်မာနိုင်ငံ ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်အသင်းနဲ့ ရက်ကန်းလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

“ရက်ကန်းလုပ်ငန်းတွေဟာ နယ်မြို့တွေမှာပဲ အများဆုံးရှိနေတယ်။ ဝမ်းတွင်းက လုပ်ငန်းရှင်တဦးကလည်း အဆင့်မြင့်နည်းပညာ သင်တန်းဖွင့်ပေးပါ တောင်းဆိုထားတယ်။ နိုင်ငံခြားသား ပညာရှင်တွေနဲ့ မြန်မာနိုင်ငံတွင်းက သက်မွေးပညာကျောင်း တကျောင်းနဲ့ ချိတ်ဆက်ပြီး ဝမ်းတွင်းမြို့မှာ အဆင့်မြင့် ရက်ကန်းနည်းပညာသင်တန်းကို ၂ နှစ်တိတိ ဖွင့်ပေးမယ်။ ၂ နှစ်ကာလ နောက်ပိုင်းမှာတော့ ကိုယ့်အားကိုယ်ကိုး ရပ်တည်ရမယ်။ ရက်ကန်းလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ငွေကြေးနဲ့ နည်းပညာ ကူညီပေးကြမယ့် နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ အဲဒါကြောင့် ဝမ်းတွင်းက ရက်ကန်းလုပ်ငန်းရှင်တွေနဲ့ လက်တွဲလုပ်ဆောင်ရအောင် တွေ့ဆုံတာပါ"လို့ ပြောပါတယ်။

မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးတင်မျိုးဝင်းက “ဝမ်းတွင်းမြို့နယ်က ရက်ကန်းစင်တွေဟာ နှစ်ပေါင်း ၅၀ ကျော်က ဂျပန်က တင်သွင်းလာတဲ့ စင်တွေပါ။ အဲဒီရက်ကန်းစင်တွေကို ခေတ်မီရက်ကန်းစင်တွေနဲ့ ပြောင်းလဲရင် ပိုကာင်းမယ်။ အဲဒီလို ပြောင်းလဲမယ်ဆိုရင် လိုအပ်မယ့် ငွေအရင်းနှီးအတွက် ဘဏ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ချေးပေးဖို့ ဆွေးနွေးထားပါတယ်။ ရက်ကန်းလုပ်ငန်းဟာ စိုက်ပျိုးရေးထဲက ဝါစိုက်ခြင်းနဲ့ ဆက်နေတယ်။ အလုပ်အကိုင် အခွင့်အလမ်း အများကြီး ဖန်တီးပေးတဲ့ လုပ်ငန်းတခုပါ။ ဒီလုပ်ငန်းရဲ့ လိုအပ်ချက်တွေကို နိုင်ငံတော်အစိုးရဆီ တင်ပြပေးသွားမှာပါ။ ဝမ်းတွင်းက ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အဆင့်မြင့် နည်းပညာကျောင်း ဖွင့်သွားမှာပါ" လို့ ပြောပါတယ်။

နယ်မြေခံရက်ကန်းလုပ်ငန်းရှင် ဦးလှမျိုးက “ဝမ်းတွင်းမြို့နယ်က ရက်ကန်းလုပ်ငန်းရှင် အများအပြား ရှိတဲ့အရပ်ဒေသပါ။ အဲဒါကြောင့် ရက်ကန်းလုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်အောင် မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်အသင်း အီးစီ ၂ နေရာ၊ ၃ နေရာ ထည့်ထားပေးစေချင်တယ်။ အဲဒါမှလည်း နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ချိတ်ပြီး တိုက်ရိုက်လုပ်ဆောင်သွားရမယ့် အကျိုးကျေးဇူး ရမှာပါ”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ လူဦးရေ ၃ သိန်းလောက်ရှိနေပြီး တမြို့နယ်လုံးအနေနဲ့ ရက်ကန်းစင်ပေါင်း ၃ သောင်းကျော်လောက် ရှိနေပြီး လူဦးရေ ၁ သိန်းကျော်ကို အလုပ်အကိုင် ပေးထားတာ ဖြစ်ပါတယ်။

မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013