DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်း လူငယ်ရက်ကန်းလုပ်ငန်းရှင်များ စုပေါင်း၍ ဆေးဆိုးရေစွန့်ပစ်ရန် စတင်လုပ်ဆောင်
DVB
·
June 25, 2018
ဝမ်းတွင်း လူငယ်ရက်ကန်းလုပ်ငန်းရှင်များ စုပေါင်း၍ ဆေးဆိုးရေစွန့်ပစ်ရန် စတင်လုပ်ဆောင်
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ် ရက်ကန်းလုပ်ငန်းရှင်တွေက ဆေးဆိုးရေတွေကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင်သန့်စင်ပြီးမှ စွန့်ပစ်ဖို့ စတင်လုပ်ဆောင်နေပါတယ်။

လူငယ် ရက်ကန်းလုပ်ငန်းရှင်တွေ စုစည်းတည်ထောင်ထားတဲ့ Leader of textile ကုမ္ပဏီမှ ဦးလှဘူးက “ဝမ်းတွင်းမြို့အထွက်မှာ ချည်တွေကို ဆေးဆိုးမယ်။ ထွက်လာတဲ့ ဆေးဆိုးရေတွေကို သန့်စင်ပြီးမှ စွန့်ပစ်မယ်။ အဲဒီလိုလုပ်ဖို့ စဆောက်နေပါတယ်။ ဆေးဆိုးရေတွေကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် သန့်စင်ပြီးမှ စွန့်ပစ်မှာပါ။ နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့ ရေဆိုးသန့်စင်မှု စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်သွားမှာပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ လမ်းညွှန်မှုကို ရယူပြီး လုပ်နေတာပါ”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ထီးလှိုင်ရွာမှာ ဂျပန်နည်းပညာဖြင့် ဆေးဆိုးရေသန့်စင်စက် တလုံး တည်ဆောက်ထားပါတယ်။

ရက်ကန်းစင် ၂ဝဝ ကျော်လောက်ရှိတဲ့ ထီးလှိုင်ရွာမှာ ချည်ဆေးဆိုးလုပ်ငန်းရှင် ၅ ဦး ရှိပြီး တနေ့ကို ဆေးဆိုးရေဂါလံ ၅ဝဝဝ လောက် ထွက်ရှိကာ  ရွာထိပ်က ရေဆိုးသန့်တဲ့စက်က ရွာထဲက ဆေးဆိုးရေကိုပဲ နိုင်အောင် သန့်စင်ပေးနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဂျပန်နိုင်ငံကအဖွဲ့တဖွဲ့နဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေ ပေါင်းပြီး ၂ဝ၁၅-၁၆ခုနှစ် လောက်ကစပြီး ဝမ်းတွင်းမြို့နယ်မှာ ဆေးဆိုးရေတွေနဲ့ ပတ်သက်ပြီး သန့်စင်ဖို့ လုပ်ဆောင်ခဲ့ပြီး စွန့်ပစ်တဲ့ ဆေးဆိုးရေ ပမာဏများလာရင်တော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး စေတတ်တာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ဦးစီးဌာနလက်ထောက်ညွှန်မှူးတဦးက “ဘယ်လောက်အထိ မြေထဲမှာ စိမ့်ဝင်နေမယ် ဆိုတာတော့ စမ်းသပ်နေဆဲပါ။ ဝမ်းတွင်းမြို့နယ်ထဲမှာ စက်ရက်ကန်းလုပ်ငန်းတွေက တပိုင်တနိုင် အသေးစား အလတ်စားအနေနဲ့ လုပ်ကြတော့ စက်ရုံတွေက ပြန့်ကျဲနေတယ်။ တနေရာတည်းမှာ စုစည်းမနေဘူး။ လူငယ်လုပ်ငန်းရှင်တွေ သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဆေးဆိုးရေ သန့်စင်မှုတွေ လုပ်ဆောင်လာတာကို အားပေးနေပါတယ်။ ကျနော်တို့ဆီလည်း လာပြီး တင်ပြ ဆွေးနွေးကြတယ်။ ဒါကလည်း ကျနော်တို့နဲ့ ဂျပန်ပညာရှင်အဖွဲ့တွေ လုပ်ပြခဲ့တဲ့ ရလဒ်တခုပဲ ဆိုနိုင်ပါတယ်” လို့ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်တခုလုံးမှာ စက်ရက်ကန်းလုပ်လာတာ နှစ်ပေါင်း ၆ဝ ကျော်ရှိခဲ့ပြီး တမြို့နယ်လုံးမှာ ရက်ကန်းစင်ပေါင်း ၃ဝဝဝဝ ကျော်ရှိကာ တရက်တာ ဆေးဆိုးရေ ဂါလံ ၁ သိန်းလောက် ထွက်မယ်လို့  ခန့်မှန်းပါတယ်။

မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013