
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်အာဏာရှင်တပ်တွေက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဘက်တွေကို ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဖက်တပ်ကြား တိုက်ပွဲပြန်လည် ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်က “ကိုယ့်ဘက်က ထိုးတာက တပတ်လောက်ရှိပြီ။ ကိုယ့်ဘက်က စထိုးတာက။ နေ့တိုင်းထိုးနေတယ်။ သူတို့အရင်ထိုးလို့ ကျနော်တို့ဘက်က ပြန်လိုက်ထိုးတာ။ ကျနော်တို့ဘက်က ထိုးတာလည်း ထိုးတယ်။ တချို့နေရာလည်း ရတယ်။ တချို့နေရာလည်း မရသေးဘူး။ ထိတွေ့မှုက နေ့တိုင်းဖြစ်နေတာ တပတ်လောက်ရှိပြီ။ တိုက်ပွဲပြင်းထန်နေတာ ဗန်းမော်မြို့ နေရာတိုင်းမှာလိုလိုပဲ”လို့ ပြောပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲကာလ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သလို မြို့သိမ်းတိုက်ပွဲကလည်း ဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်တွေက လေကြောင်းကို အသုံးပြုပြီး တိုက်ခိုက်နေသလို လက်နက်နဲ့ ရိက္ခာတွေကိုလည်း Y12 လေယာဉ်အသုံးပြုပြီး တနေ့ကို အနည်းဆုံး ၂ ကြိမ်ခန့် ဖြည့်တင်းပေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်အာဏာရှင်တပ်က မြို့ပေါ်က စခက ၂၁ တပ် ဌာနချုပ်နဲ့ ရပ်ကွက်တချို့ကို ဆက်လက်ထိန်းချုပ်ထားနိုင်သလို KIA ပူးပေါင်းတပ်ကလည်း မြို့တွင်းရပ်ကွက် နေရာတချို့ကို ထိန်းချုပ်ထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ဒီကနေ့အထိ နှစ်ဖက်တပ်တွေဟာ နေရာတချို့ကို အပြန်အလှန် လက်လွှတ်လိုက်ရတာတွေ ရှိသလို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်တာတွေလည်း ဆက်တိုက်ရှိနေတာကြောင့် ဗန်းမော်မြို့ စစ်ရေးအခြေအနေဟာ နှစ်ဖက်တပ် အပြန်အလှန် သိမ်းလိုက်၊ ပြန်လက်လွှတ်လိုက်နဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေ ပြောပါတယ်။
“ဒီတလော ဗန်းမော်မြို့တွင်းဘက်မှာရယ် နမ့်ဖားဘက်တွေရယ် (--)တွေ ထိုးတယ်။ ပြီးတော့ ကုန်းမဟတ်တို့ ဖိုးဒေဝတို့ ဘက်ကိုကျတော့ ဗန်းမော် KPDF တွေ တိုက်စစ်ဆင်နေတာ ဟုတ်တယ်၊ ဒီရက်ပိုင်းအတွင်းမှာဆိုရင်။ တခြားကြီးကြီးမားမား သိမ်းဆည်းရမိတာတော့ မရှိဘူး။”
ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်သလို တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးလမ်းကြောင်း၊ ဧရာဝတီမြစ်ကြောင်းနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းကို ချိတ်ဆက်ထားတဲ့ အဓိက အချက်အချာကျတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်ရဲ့ စစ်ကွပ်ကဲရေးဌာနချုပ် စကခ ၂၁ အခြေစိုက်ရာမြို့လည်း ဖြစ်တာကြောင့် ကချင်ဒေသတွင်း စစ်ဆင်ရေးနဲ့ အထောက်အပံ့ ပို့ဆောင်ရေးအတွက် အရေးပါတဲ့ စစ်ရေးအခြေစိုက်စခန်းတခု ရှိရာလည်း ဖြစ်နေတာပါ။
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ၂၀၂၅ နှစ်ဝက်ပိုင်းအထိ စစ်ရေးအရ စစ်တပ်ရဲ့ အရေးပါတဲ့ စစ်တပ်နေရာတချို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ခဲ့သလို မြိုတွင်း နေရာအများအပြားကို ထိန်ချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း စစ်တပ်က လေကြောင်း၊ ကုန်းကြောင်းနဲ့ စစ်အင်အားဖြည့်တင်းကာ ထိုးစစ် ပြန်လည်ဖော်ဆောင်လိုက်တာကြောင့် KIA ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်နေရာတချို့ကို ပြန်လည်လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ကချင်ပြည်နယ်ထဲမှာ KIA က ဖော်ဆောင်လိုက်တဲ့ တိုက်ပွဲတွေထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲက စစ်ရေးကာလအကြာမြင့်ဆုံးအဖြစ် ရှိလာခဲ့ပါတယ်။
ဟန်န










