DVB Logo
Home
မြန်မာသတင်း
အထင်လွဲအောင် ပြောဆိုမှုကြောင့် တရားစွဲရခြင်းဖြစ်ဟု တရားလို တပ်မတော်အရာရှိပြော
DVB
·
May 16, 2018
အထင်လွဲအောင် ပြောဆိုမှုကြောင့် တရားစွဲရခြင်းဖြစ်ဟု တရားလို တပ်မတော်အရာရှိပြော
1 / 2
Donate to DVB

တပ်မတော်အပေါ် အထင်အမြင်လွဲအောင် ပြောဆိုခဲ့တာကြောင့်  မြစ်ကြီးနား သပိတ် ခေါင်းဆောင် ၃ ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲရတာလို့ တရားလိုဖြစ်တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီးမျိုးမင်းဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ဒီနေ့စတင်တဲ့ ပထမဆုံးအကြိမ် ရုံးချိန်းအပြီးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာဖြစ်ပြီး တရားလိုပြ သက်သေ ဘယ်လောက် တင်သွင်းမယ် ဆိုတာကိုတော့  ထုတ်ဖော်ပြောမသွားပါဘူး။

ဒုဗိုလ်မှူးကြီးမျိုးမင်းဦးက “အဓိကတော့ တပ်မတော်ကို အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် ပြောဆိုတာနဲ့ပတ်သက်ပြီး အသရေဖျက်မှုနဲ့စွဲတာပါ။ ကျနော်က တရားလိုအနေနဲ့ပဲပေါ့။ နောက်ရုံးချိန်းကတော့ တရားသူကြီးက သက်သေတွေခေါ်ယူပြီး စစ်ဆေးမှာပါ”လို့ ပြောပါတယ်။

ဒီနေ့ရုံးချိန်းကိုတော့ စွပ်စွဲခံရသူဘက်က ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျက်တို့သာ လာရောက်ပြီး ဒေါ်နန်ပူကတော့ ဖားကန့်မြို့နယ်ကို ခရီးလွန်နေလို့  ရောက်လာခဲ့ခြင်း မရှိပါဘူး။

စွပ်စွဲခံရသူ နှစ်ဦးက ဒီနေ့ရုံးချိန်းမှာပဲ အာမခံလျှောက်ထားခဲ့ရာ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တဲ့အတွက် တရားရုံးက ငွေကျပ် ၅ သိန်းနဲ့ အာမခံခွင့်ပြုခဲ့ပါတယ်။

စွပ်စွဲခံရသူ ဦးလွမ်းဇောင်းက  “ကျနော်တို့က နိုင်ငံတော်အစိုးရကိုသော်လည်းကောင်း၊ တပ်မတော်ကိုသော်လည်းကောင်း၊ မည်သည့်အဖွဲ့အစည်းကိုမှ နစ်နာစေလိုတဲ့ ရည်ရွယ်ချက် တခုမှ မပါပါဘူး။ အားလုံးက သဘောရိုးနဲ့ ပြည်သူတွေ တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့အတွက်ကြောင့် သူတို့ကို အမြန်ဆုံး ကယ်ထုတ်ပေးဖို့၊ သူတို့ရဲ့အသက်တွေ လုံခြုံစိတ်ချပြီးတော့မှ ဘေးကင်းလုံခြုံတဲ့နေရာကို ကယ်ထုတ်ပေးဖို့အတွက် တောင်းဆိုတာပါပဲ”လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်တာတွေဟာ ဘယ်အဖွဲ့အစည်းကိုမှ ထိခိုက်နစ်နာစေဖို့ ရည်ရွယ်တာမျိုး မပါဘဲ ပြည်သူတွေ အမြန်ဆုံး လွတ်မြောက်ဖို့အတွက်သာ တောင်းဆိုခဲ့တာလို့  စွပ်စွဲခံရသူတယောက် ဖြစ်တဲ့ ကိုလွမ်းဇောင်းကလည်း ပြောပါတယ်။

ဒုတိယအကြိမ် ရုံးချိန်းကိုတော့ မေ ၂၁ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး တရားလိုကို စတင်စစ်ဆေးသွားဖို့ ရှိနေပါတယ်။

ကချင်ဒေသတွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ အမြန်ကယ်ထုတ်ပေးဖို့ ကချင်လူငယ်ထု လှုပ်ရှားမှုကော်မတီက ဦးဆောင်ပြီး မြစ်ကြီးနားမြို့မှာ ဆန္ဒပြ သပိတ်မှောက်နေကြတဲ့အတွက် ခေါင်းဆောင် ၃ ဦးကို တပ်မတော်က တရားစွဲထားတာ ဖြစ်ပါတယ်။

သတင်း - ရဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013