DVB Logo
Home
မြန်မာသတင်း
မူဆယ် ပစ်ခတ်မှုအတွင်း တရုတ်နိုင်ငံသား ၂ ဦး သေဆုံးဟု တရုတ်နိုင်ငံက ပြောကြား
DVB
·
May 15, 2018
မူဆယ် ပစ်ခတ်မှုအတွင်း တရုတ်နိုင်ငံသား ၂ ဦး သေဆုံးဟု တရုတ်နိုင်ငံက ပြောကြား
Donate to DVB

ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေအတွင်း တရုတ်နိုင်ငံသား နှစ်ဦး သေဆုံးသွားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မေလ ၁၄ ရက် ဘေဂျင်းမြို့မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာလူကန်က ပြောကြားလိုက်တာဖြစ်ပြီး တရုတ်နိုင်ငံ ပိုင်နက်ထဲကိုလည်း  ကျည်ဆန်တွေ ကျရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။

“တရုတ်အစိုးရဟာ မေလ ၁၂ ရက်က မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်ပူပန်ပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ တိုက်ပွဲကြောင့် မြန်မာနိုင်ငံထဲမှာ တရုတ်နိုင်ငံသား နှစ်ယောက် သေဆုံးသွားပြီး တရုတ်နယ်နိမိတ်ထဲကို ဗုံးဆန်သုံးလုံးနဲ့  ကျည်ဆန်တွေလည်း ကျရောက်ခဲ့ပါတယ်။”

ဒါ့အပြင် နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀၀ ကျော်ဟာ ဒီတိုက်ပွဲတွေကနေ လွတ်မြောက်ဖို့ တရုတ်နိုင်ငံထဲ ထွက်ပြေးလာကြလို့ တရုတ်နိုင်ငံက လူသားချင်း စာနာစိတ်နဲ့ လိုအပ်တဲ့အကူအညီတွေပေးပြီး ဒီလူတွေကို ခိုလှုံနေထိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံမှုတွေ ရှိထားပါတယ်။ တရုတ်အစိုးရဟာ စစ်ပွဲတွေ ချက်ချင်းရပ်ကြဖို့၊ အခြေအနေ ပိုဆိုးရွားလာတာမျိုး မဖြစ်အောင် တတ်နိုင်သလောက် လုပ်ဆောင်ဖို့၊ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ အမြန်ဆုံး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး ပြန်ရဖို့နဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ ဒီလိုဖြစ်ရပ်မျိုးကို နောက်တခါထပ်ပြီး အဖြစ်မခံရအောင် ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းအားလုံးကို တရုတ်နိုင်ငံက တောင်းဆိုပါတယ်။

မေလ ၁၂ ရက်က မူဆယ်မြို့က တိုက်ခိုက်မှုတွေမှာ  အမျိုးသမီး ၂ ယောက် အပါအဝင် အရပ်သား ၁၅ ယောက် သေဆုံးပြီး ရဲနဲ့ ပြည်သူ့စစ် ၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချပြီး အရပ်သားတွေ သေဆုံးတာကို ဝမ်းနည်းတဲ့အကြောင်း စစ်ပွဲနဲ့ ပတ်သက်သူ အားလုံးအနေနဲ့ အပစ်ရပ်ဖို့၊ တရုတ်-မြန်မာ နယ်စပ် မြန်မြန်အေးချမ်းပြီး နယ်စပ်နေသူတွေရဲ့ အသက်၊ ဘဝနဲ့ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

ဓာတ်ပုံ-FMPRC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013