
စစ်အာဏာရှင်ရဲ့ ဖမ်ဆီးအကျဉ်းချတာ ခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေအထောက်အထားပြဖို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်မတ်များအဖွဲ့ (APHR) က ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမဲ့ ၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) အတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ စုဝေးရောက်ရှိနေချိန် ဇူလိုင် ၂၀ ရက်နေ့မှာ APHR က စာရေးသားပေးပို့ တောင်းဆိုလိုက်တာပါ။
ဒီစာကို လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့ တီမော သမ္မတ ဟိုဆေး ရာမို့စ်ဟော်တာတို့ဆီ ပေးပို့လိုက်တာဖြစ်ပြီး စာထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားတာပါ။
ဒါ့အပြင် သမ္မတ မားကို့စ် အနေနဲ့ မြန်မာအာဏာရှင်နဲ့ နောက်ထပ် ဆက်လက်ထိတွေ့ ဆက်ဆံတော့မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု၊ ရှေ့နေတွေနဲ့ ဆရာဝန်တွေကို သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်ပေးရမယ် ဆိုတဲ့ အချက်ကို ‘မဖြစ်မနေ လိုက်နာရမဲ့ အဓိက ကန့်သတ်ချက်’အဖြစ် သတ်မှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
အဲဒီနောက် အခုနှစ်အတွင်း စစ်အာဏာရှင်မင်းအောင်လှိုင်ကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ခေါင်းစဉ်အောက်ကနေ ဒေသတွင်း ပထမဆုံးအကြိမ် တရားစွဲဆိုထားတဲ့ တီမောအစိုးရ သမ္မတရာမို့စ်ဟော်တာအနေနဲ့လည်း အာဆီယံအဖွဲ့ကြီးက မြန်မာစစ်အုပ်စုကို အရေးယူ ဆောင်ရွက်လာအောင် ဖိအားပေးတိုက်တွန်းဖို့ တောင်းဆိုထားပါတယ်။
အာဆီယံဝန်ကြီးတွေအနေနဲ့ ဒေသတွင်း လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှုတွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရတဲ့ ဒီအစည်းအဝေးက အခုတောင်းဆိုချက်ဟာ ဒီသီတင်းပတ်ရဲ့ အစီအစဉ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာပါ။
ဒါ့အပြင် ဒီသတင်းပတ်မှာ နိုင်ငံခြားရေးဝန်ကြီးတွေ စုဝေးရောက်ရှိနေချိန်မှာ နေပြည်တော်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေးဟာ ရလဒ်ထွက်၊ မထွက် ဆိုတာကို နောက်ထပ် ထိပ်သီးအစည်းအဝေးတခုအထိ ရွှေ့ဆိုင်းမထားဘဲ ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိကြောင်း အထောက်အထားပြသရေးကို နီးကပ်တဲ့ ကာလအတွင်း လက်တွေ့ကျကျ စမ်းသပ်မှုတခုအဖြစ် အာဆီယံဥက္ကဋ္ဌအနေနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့လည်း APHR က တိုက်တွန်းထားပါတယ်။











