DVB Logo
Home
မြန်မာသတင်း
သတင်းသမားများကို အရပ်သားပုံစံဝတ်ဆင်ထားသူများ ခြိမ်းခြောက်ဆဲဆိုရိုက်နှက်မှုများရှိ
DVB
·
May 13, 2018
သတင်းသမားများကို အရပ်သားပုံစံဝတ်ဆင်ထားသူများ ခြိမ်းခြောက်ဆဲဆိုရိုက်နှက်မှုများရှိ
Donate to DVB

မနေ့က ရန်ကုန်မှာလုပ်ခဲ့တဲ့ "ငြိမ်းချမ်းရေးအတွက် လူထုလှုပ်ရှားမှု" ချီတက်ပွဲမှာ သွားရောက် သတင်းယူတဲ့ သတင်းသမားတွေကို အရပ်သားပုံစံဝတ်ဆင်ထားသူတွေက ခြိမ်းခြောက်ဆဲဆိုတာ၊ ရိုက်နှက်တာတွေ ရှိခဲ့တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဆန္ဒပြတောင်းဆိုတာကို တာမွေအိုးရှင်းကုန်တိုက်နားမှာ ညနေ ၅ နာရီလောက်က စတင်ခဲ့ပြီး ရေအမြောက်ကား အပါအဝင် ရဲတပ်ဖွဲ့ဝင် အင်အား အများအပြားက ပိတ်ဆို့ထားခဲ့ပါတယ်။

ရဲတွေရဲ့အကြားနဲ့ နောက်မှာရှိနေတဲ့ အရပ်ဝတ်တွေက ဆန္ဒပြသူတွေကို အော်ဟစ် ကြိမ်းမောင်းတာတွေ လုပ်နေပြီး သူတို့ကို ရဲတွေက မတားဆီးခဲ့ပါဘူး။

အဲဒီနေရာကို ရောက်ရှိခဲ့တဲ့ သတင်းထောက် မအိမ့်ခိုင်ဦးက “အရပ်ဝတ်နဲ့ ရဲလား၊ ဘယ်သူလဲ ဘယ်ကလဲ မသိတဲ့လူတွေက ဆန္ဒပြသူတွေကိုရော၊ သတင်းထောက်တွေပါ ဆဲဆို ထိုးကြိတ်တာ တွေ့ရတယ်။ သတင်းထောက်တွေပါ ဖမ်းကွာဆိုတာ အရပ်ဝတ်နဲ့လူ အော်တာ။ ဒါဆို ရဲတွေက အဲဒီလူပြောတာ လိုက်လုပ်နေတာလား။ ပြောရရင်တော့ တော်တော်ရုပ်ဆိုးတဲ့ ဖြိုခွင်းမှုပဲ။ ဒါက ဘယ်ဥပဒေထဲက လုပ်တာလဲမေးချင်တယ်။ အရပ်ဝတ်တွေက ရဲမဟုတ်ဘူး ဆိုတာလဲသိရတယ်။ ဒီလိုလုပ်ပိုင်ခွင့်ရှိလား မေးချင်တယ်” လို့ ပြောပါတယ်

အရင်အစိုးရလုပ်ခဲ့တဲ့ စွမ်းအားရှင်ဆိုတဲ့ လက်ကိုင်တုတ်တွေကို ဆက်သုံးနေတယ်လို့ မြင်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီရဲ့ အရေးပေါ်ကြေညာချက်မှာလည်း သတင်းရယူ နေတဲ့ သတင်းသမားတွေကို “ထိုးကွာ၊ ချကွာ၊ သတ်ပစ်လိုက်၊ ငါလိုးမ သတင်းသမားတွေ၊ တိုင်းပြည်ဖျက်တွေ” ဆိုပြီး ညာသံပေးတာဟာ လုံထိန်းရဲတွေရဲ့ နောက်ကနေ ပေါ်ပေါ်တင်တင် ထွက်ပေါ်လာပေမယ့် လုံးဝ တားဆီးတာ၊ သတိပေးတယ၊ ဖမ်းဆီးတာ မရှိဘဲ လျစ်လျူရှုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနေရာမှာ သတင်းရယူခဲ့တဲ့ သတင်းထောက် မယဉ်မွန်က “ညီမက လူတိုးပြီး ရိုက်ကူးရေးအတွက် ဆက်တိုးတယ်။ ညီမကို ရင်ဘတ်ကနေ အတွန်းခံရတယ်။ နောက်တော့ ဇေယျာလွင်တို့ကို ရိုက်နေတဲ့ တုတ်တွေနဲ့ပဲ ဘယ်ကမှန်းမသိ ခြေထောက်ကို တချက်ရိုက်တယ်။ အရပ်ဝတ်တွေက ရင်ဘတ်ကနေ ဆောင့်တွန်းတာ။ ဖယ် တဲ့။ မီဒီယာတွေ ဖမ်းဆိုတာလည်း နားထဲမှာ ကြားတယ်” လို့ ပြောပါတယ်။

သတင်းသမားတွေကို ရဲတွေကိုယ်တိုင် တမင်တွန်းတိုက်ပစ်တာတွေလည်း ရှိခဲ့ပါတယ်။

မယဉ်မွန်က “ရန်စတယ်ဆိုတာထက် တရားဥပဒေစိုးမိုးရေးကို ဘာလဲပဲ မေးခွန်းထုတ်ချင် တယ်။ ရဲယူနီဖောင်းတွေကြားမှာ အခုလို အရပ်ဝတ်တွေ အကြမ်းဖက်နေတာကို ဘာမှမပြောဘဲ သူတို့ ကြည့်နေတဲ့ပုံက အရမ်းတာဝန်မဲ့လွန်းတယ်။ အဲဒီလူတွေက ဘယ်သူတွေလဲ၊ ဘာလို့ အဲဒီလိုလုပ်ခွင့်ရထားတာလဲ” လို့လည်း ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အရပ်ဝတ်တွေပါနေတာနဲ့ပတ်သက်ပြီး အဲဒါမျိုးက မဖြစ်သင့်တော့ဘူးလို့ မြန်မာဂျာနယ်လစ်ကွန်ရက်၊ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

“တကယ်တော့ ဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာလုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့မှာ သတင်းမီဒီယာတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ တိတိကျကျ ညွှန်ကြားချက်ရှိရပါမယ်။  ရန်ပြုတာပဲဖြစ်ဖြစ်၊ စကားလုံးအရ စော်ကားတာပဲဖြစ်ဖြစ် လက်မခံနိုင်ပါဘူး” လို့ ပြောပါတယ်။

သတင်းသမားတွေအနေနဲ့လည်း အန္တရာယ်မကျအောင် အခြေအနေကို အကဲခတ်ပြုမူ တတ်ဖို့၊ ဘေးကင်းရေးလမ်းညွှန်တွေ သိပြီးကျင့်သုံးကြဖို့လိုသလို သတင်းသမားဖြစ်ကြောင်း ထင်ရှားတဲ့ အမှတ်အသား ဝတ်ဆင်ထားစေချင်ပါတယ်လို့လည်း ဆက်ပြောပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ်တွေက ဖြိုခွင်း ဖမ်းဆီးပြီးနောက် လူ ၉ ယောက်ကို ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ လူစုခွဲနှိမ်နှင်းရာမှာ ကိုဇေယျာလွင်၊ ကိုတင်ထွဋ်ပိုင်၊ ကိုဖိုးစိုး၊ မခင်စန္ဒာတို့ အပါအဝင် ၉ ဦးလောက် ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013