DVB Logo
Home
Lead Story
မဟာသီယာ ပြန်လာပြီ
DVB
·
May 10, 2018
မဟာသီယာ ပြန်လာပြီ
Donate to DVB

"ကျနော့်အမေစကား နားထောင်ပြီး ဝန်ကြီးချုပ်တာဝန်က အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ"

ဒီစကားကို ပြောခဲ့သူက အခုတခါ မလေးရှားနိုင်ငံရဲ့ တကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာသူ မဟာသီယာမိုဟာမက် ဖြစ်တယ်။

၂၀၀၃ ခုနှစ်မှာ သူ ဝန်ကြီးချုပ်တာဝန်ကနေ အနားယူခဲ့တုန်းက ပြောခဲ့တာဖြစ်ပြီး သူဟာ ဝန်ကြီးချုပ်နေရာကို ၁၉၈၁ ခုနှစ်ကတည်းက ယူခဲ့တာကြောင့် ဝန်ကြီးချုပ်သက်တမ်း ၂၂ နှစ်အရမှာ သူ အနားယူတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံကို အာဏာရှင်ဆန်ဆန် တင်းတင်းရင်းရင်း ကိုင်တွယ်ထိန်းကျောင်းခဲ့သူလို့ မဟာသီယာကို ပြင်ပကမ္ဘာက ဝေဖန်ခဲ့ပေမယ့် သူ့လက်ထက်မှာ မလေးရှားစီးပွားရေး တိုးတက်ခဲ့လို့ သူ့လူထုက သူ့ကို ထောက်ခံပါတယ်။

အမေ့စကားနားထောင်ပြီး ဝန်ကြီးချုပ်တာဝန်က အနားယူခဲ့တာလို့ ပြောခဲ့သူ မဟာသီယာဟာ အနားယူပြီး ၁၅ နှစ်အကြာ သူ့အသက် ၉၂ နှစ်မှာ တကျော့ပြန် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါပြီ။

၂၀၁၈ ခုနှစ် မေလ ၉ ရက် ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မလေးရှားနိုင်ငံ ရွေးကောက်ပွဲမှာ မဟာသီယာ ဦးဆောင်တဲ့ မျှော်လင့်ခြင်း မဟာမိတ်အဖွဲ့ အတိုက်အခံ တပ်ပေါင်းစုပါတီဟာ လွှတ်တော်အမတ်နေရာ ၁၁၃ ထိ ရရှိခဲ့ပြီး ဒါဟာ အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ အမတ်နေရာ ၁၁၂ နေရာကို ကျော်လွန်ရရှိခဲ့တာ ဖြစ်ပါတယ်။

မဟာသီယာရဲ့ တကျော့ပြန်အောင်မြင်မှုမှာ ပြောစရာတွေ အများကြီးဖြစ်ခဲ့ပြီး သူဟာ သူတည်ထောင်ထားတဲ့ National Front Coalition အမျိုးသားတပ်ဦးပါတီနဲ့ သူ ပြုစုပျိုးထောင်ခဲ့တဲ့ တပည့်ဖြစ်သူ လက်ရှိဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကိုပါ အနိုင်ယူပြီး ဝန်ကြီးချုပ် ဖြစ်လာတာပါ။

တိုင်းပြည်ကို နှစ်ပေါင်း ၆၀ လောက် အုပ်ချုပ်ခဲ့တဲ့ အမျိုးသားတပ်ဦးပါတီရဲ့ ကျဆုံးခန်းဖြစ်ပြီး ဒီ ကျဆုံးခန်းမှာ သင်ယူစရာတွေ တပုံကြီး ရှိပါတယ်။

အဓိကအကျဆုံး အချက်ကတော့ ပါတီထိပ်တန်းတာဝန်ရှိသူတွေနဲ့ လက်ရှိဝန်ကြီးချုပ်တို့ဟာ တိုင်းပြည်အကျိုးစီးပွားထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် နာဂျစ် ရာဇတ်ဟာ 1MDB လို့ လူသိများတဲ့ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုဘဏ္ဍာကို အကြီးအကျယ် အလွဲသုံးစားလုပ်မှု အရှုပ်တော်ပုံကြောင့် တိုင်းပြည်ထဲ လူကြိုက်နည်းခဲ့တယ်။ တခါ ဆင်းရဲသား လက်လုပ်လက်စားတွေ အထိနာစေတဲ့ ကုန်ရောင်းခွန် ကောက်ခံတဲ့ကိစ္စကြောင့်လည်း နာဂျစ်အပေါ် ထောက်ခံမှုတွေ ကျဆင်းခဲ့တယ်။

ဒီလိုအခြေအနေတွေကြောင့်ပဲ နာဂျစ်တယောက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး မဟာသီယာတယောက် အောင်ပွဲခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နာဂျစ်ရာဇတ်က သူ့အနေနဲ့ အမှားအယွင်း တစုံတရာ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့တယ်။

မဟာသီယာကတော့ သူ အနိုင်ရရချင်းမှာ တိုင်းပြည်ထဲ တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။

မလေးရှားသတင်းတွေအရ မလေးပြည်သူတွေဟာ မဟာသီယာနိုင်လို့ဆိုပြီး ကွာလာလမ်ပူမြို့လယ်မှာ ကားဟွန်းတွေတီး၊ ဝမ်းသာအားရ အော်ဟစ် အောင်ပွဲခံခဲ့ကြတယ်လို့ သိရပါတယ်။

မဟာသီယာမိုဟာမက်ဟာ ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ယူစဉ်တုန်းက မြန်မာနိုင်ငံကို သုံးကြိမ်တိုင်တိုင် လာရောက်လည်ပတ်ခဲ့ဖူးပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရနဲ့ နီးစပ်သူလည်း ဖြစ်တယ်။

မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ ထိပ်တန်းက ကြိုးပမ်းလုပ်ဆောင်ပေးခဲ့ဖူးသလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ ကြားဝင်ကြိုးပမ်းပေးခဲ့ဖူးသူလည်း ဖြစ်တယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ စစ်အစိုးရက လုပ်ပေးတဲ့ အထွေထွေရွေးကောက်ပွဲတခု ဖြစ်လာလိမ့်မယ်လို့ မီဒီယာကို ပြောခဲ့ဖူးတာလည်း မဟာသီယာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၃ ခုနှစ်မှာ ဒီပဲယင်းအရေးအခင်း ဖြစ်ပြီးတဲ့နောက် မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံရေးပျက်ခဲ့တဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်းတဦးလည်း ဖြစ်ပြီး မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ထုတ်ပစ်ဖို့ တောင်းဆိုခဲ့ဖူးတယ်။

၂၀၁၁ ခုနှစ်တုန်းက အဲ့ဒီတုန်းက မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြဖူးပြီး အသေးစိတ်တော့ နှစ်ဖက်စလုံးက သတင်းမထုတ်ခဲ့ကြဘူး။

မဟာသီယာဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတုန်းက မြန်မာပြည်လာပြီး ကားအရောင်းပြခန်းဖွင့်ဖို့၊ စားအုန်းဆီတင်သွင်းဖို့ စတဲ့ စီးပွားရေးကဏ္ဍတွေမှာ ရင်းနှီမြှုပ်နှံဖို့ ဆန္ဒရှိခဲ့ဖူးပေမယ့် ထဲထဲဝင်ဝင် လုပ်ဆောင်တာတော့ မရှိခဲ့ပါဘူး။

အခုတော့ ကမ္ဘာမှာ အသက်အကြီးဆုံး ဝန်ကြီးချုပ်ဖြစ်လာမယ့် မဟာသီယာမိုဟာမက်တယောက် တကျော့ပြန် ဝန်ကြီးချုပ် ဖြစ်လာပါပြီ။

ယေဘုယျခန့်မှန်းသုံးသပ်ကြည့်ရင် မဟာသီယာဦးဆောင်တဲ့ မလေးရှားအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရတို့အကြား ဆက်ဆံရေးဟာ အရင်ထက် ပိုပြီး နွေးထွေးလာဖို့ ရှိတယ်။

တကျော့ပြန်ဝန်ကြီးချုပ် မဟာသီယာကို ဒီတခါ တာဝန်ကနားဖို့ ဘယ်သူက ပြောလေမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

ကိုလေအိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013