
ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးအပါအ၀င် သုံးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုပြီး မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ဧပြီ ၂၆ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။
အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးကို ရာဇဝတ်ကြီးမှုအမှတ်၊ ၂/၂ဝ၁၆ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်၊ ရာဇဝတ်ကြီးမှု အမှတ်၊ ၄/၂ဝ၁၆ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပါတယ်။
ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်ကိုလည်း ရာဇဝတ်ကြီးမှု အမှတ်၊ ၃/၂ဝ၁၆ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ်၊ ၅/၂ဝ၁၆ အတွက် အလုပ်နဲ့ ထောင် ဒဏ် ၅ နှစ်ချမှတ်ခဲ့ပြီး အကြီးတန်းစာရေး ဦးအောင် စိုးမိုးကိုတော့ ရာဇဝတ်ကြီးမှု အမှတ် ၃၄၈၇/၂ဝ၁၆ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၃၄၈၈/၂ဝ၁၆ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။
ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာအုပ်စု မန်ကျည်းအင်းရွာသစ်ကို ပြည်ထဲရေး အမည်ပေါက် သတ်မှတ်ပေးဖို့ ဆောင်ရွက်ရာမှာ ရွာသားတွေက ငွေပေးခဲ့ရပေမယ့် ဆောင်ရွက်မပေးတဲ့အပြင် ရွာရှိနေအိမ်တွေကို နို့တစ်စာထုတ်ပြီး ဖျက်ဆီးတာနဲ့ ရွာဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တဲ့ကိစ္စ စစ်ဆေးဖော်ထုတ်အရေးယူပေးဖို့ နစ်နာသူက အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့တဲ့အမှုဖြစ်ပါတယ်။
ကော်မရှင်က စစ်ဆေးခဲ့ရာမှာ ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး၊ ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်နဲ့ အကြီးတန်းစာရေး ဦးအောင်စိုးမိုးတို့ဟာ မန်ကျည်းအင်းရွာသစ်မှာ ရွာမြေတိုးချဲ့ပေးဖို့ကိစ္စ ရွာသားတွေထံကနေ ငွေကြေးတွေရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ၂ဝ၁၆ အောက်တိုဘာ ၂၈ ရက်မှာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားစွဲဆိုစစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားတဲ့အတွက် ၂ဝ၁၈ ဧပြီ ၂၆ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ်တွေ အသီးသီးချမှတ် အပြစ်ပေးအရေးယူခဲ့တာ ဖြစ်ပါတယ်။










