
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီယားမြို့နယ်ရှိ အမှတ် ၈ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မြေပြိုကျမှုကြောင့် ရိုဟင်ဂျာ အမျိုးသမီးတယောက် သေဆုံးပြီး ၃ နှစ်အရွယ် ကလေးတယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဇူလိုင် ၂၀ ရက် ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီယားမြို့နယ်ရှိ အမှတ် ၈ ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုကျကာ တောင်စောင်းပေါ် ဆောက်လုပ်ထားတဲ့ အိမ်ပေါ် မြေပိကာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး ၃ နှစ်အရွယ် ကလေး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မြေပြိုမှုကြောင့် ဘီဘီဟက်ဖ်ဆာ (၁၉ နှစ်)ဟာ အခင်းဖြစ် နေရာမှာတင် သေဆုံးခဲ့ပြီး အဗ္ဒူမာဂျစ် (၃ နှစ်) ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံ စေတနာ့ဝန်ထမ်းတွေက နေအိမ်အတွင်း ပိတ်မိ နေသူတွေကို အရေးပေါ် ကယ်ဆယ်ခဲ့ကြရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားတဲ့ ကလေးငယ်ကိုလည်း GK Hospital ကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
မြေပြိုမှုကို အူခီယားမြို့နယ် ရဲစခန်းမှူး အာတီကူရ် ရာမန် မာဂျွမ်ဒါက အတည်ပြုထားပြီး မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် တောင်စောင်းရဲ့ မြေတွေ လျော့ရဲလာတာကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
၂၀၂၆ ခုနှစ်အတွင်း အူခီယားမြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မြေပြိုကျမှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် ၁၄ ယောက်ထက်မနည်း သေဆုံးမှုရှိလာပြီလို့ ရဲတပ်ဖွဲ့က အတည်ပြု ထားပါတယ်။
ဇူလိုင်လ အစောပိုင်းက ကော့ဇ်ဘဇားနဲ့ တက္ကနဖ်မြို့နယ်တို့မှာ မြေပြိုမှုတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ တောင်စောင်း၊ တောင်ကုန်းတွေမှာရှိပြီး မြေပြို ကျမှုကြောင့် အဲဒီနေရာတွေက ရွှေ့ပြောင်းပြီး နေထိုင်ကြဖို့ ဒေသအာဏာပိုင်တွေဘက်က သတိပေး ထားပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ရွှေ့စရာမြေ မရှိတာကြောင့် အဲဒီနေရာတွေမှာ ဆက်လက် နေထိုင်နေကြရတာလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။
Ref: The Daily Star











