လန်ဒန်ဒါဘီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက စပါးအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် တော်တင်ဟမ်ဟော့စပါးအသင်းဟာ ရာသီပိတ် နောက်ဆုံးရက်အထိ တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဒီရလဒ်ကြောင့် တန်းဆင်းဇုန်က ဝက်စ်ဟမ်းအသင်းအတွက်လည်း တန်းတင်ကျန်ရစ်ဖို့ မျှော်လင့်ချက်မီး ပြန်လည်တောက်ပလာခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် အန်ဇိုဖာနန်ဒက်စ်နဲ့ အန်ဒရီဆန်းတို့စ် တို့က ဂိုးတွေ သွင်းယူပေးခဲ့ပြီး စပါးအသင်းအတွက် ချေပဂိုးကိုတော့ ၇၃ မိနစ်မှာ ရစ်ချာလီဆန်က သွင်းယူခဲ့တာပါ။
နည်းပြ ရိုဘာတိုဒီဇာဘီရဲ့ စပါးအသင်းဟာ လာမဲ့တနင်္ဂနွေနေ့ ရာသီပိတ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး တန်းတင်ကျန်ရစ်ဖို့အတွက် အနည်းဆုံး ရမှတ် ၁ မှတ် ရယူဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။











