
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ် ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံးရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ရုရှားလုံခြုံရေး ကောင်စီအတွင်းရေးမှူး ဆာဂေးလ်ရွှိုင်ဂူနဲ့ အိန္ဒိယနိုင်ငံမှာ ဇွန် ၂၃ ရက်က တွေ့ခဲ့ပါတယ်။
သူတို့ဟာ BRICSအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးတွေနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်တွေရဲ့ ၁၆ ကြိမ်မြောက်အစည်းအဝေးအတွက် နယူးဒေလီမြို့တော်မှာ ရှိနေခဲ့ တာပါ။
မေလမှာ နှစ်နိုင်ငံက အတည်ပြုခဲ့တဲ့ ပူးတွဲကြေညာချက် ၂ ခုကို ပြန်ပြောင်းသတိရရင်း တရုတ်နိုင်ငံ ဟာ နိုင်ငံ့ခေါင်းဆောင် ၂ ယောက်ရဲ့ အရေးကြီးတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့၊ ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေဖို့၊ အရှိန်အဟုန်မြှင့်တင်မှုနဲ့ ပြန်လည်နိုးကြားလာမှုကို မြှင့်တင်ဖို့နဲ့ လူသားမျိုးနွယ် ငြိမ်းငြိမ်းချမ်းချမ်း ဖွံ့ဖြိုးတိုးတက်ဖို့ တရုတ်-ရုရှားတို့က ပံ့ပိုးကူညီရာမှာ ရုရှားနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ ဝမ်ယိက ပြောပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအတွက် ဘက်စုံဝါဒကို ကျင့်သုံးဖို့၊ တရားမျှတမှုကို ထိန်းသိမ်းဖို့၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ အရေးကြီးတဲ့ အခြေခံတရပ်အနေနဲ့ BRICS ရဲ့ အခန်းကဏ္ဍကို ထောက်ပြပြီး တရုတ်နဲ့ ရုရှားတို့က BRICS ယန္တရားကို အားကောင်းစေပြီး တိုးချဲ့ဖို့၊ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့၊ ကမ္ဘာ့တောင်ပိုင်းရဲ့ ဦးဆောင် အင်အားစု တခုဖြစ်လာစေဖို့ ဝမ်ယိက တိုက်တွန်းခဲ့ပါတယ်။
ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေကြား စဉ်ဆက်မပြတ် ရင်းနှီးတဲ့ ဖလှယ်မှုတွေက နှစ်နိုင်ငံဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ အာမခံချက်ဖြစ်တယ်၊ နှစ်နိုင်ငံရဲ့ ထူးခြားပြီး အဆင့်မြင့်တဲ့ ဆက်ဆံရေးကို ပြနေတယ်လို့ ရွှိုင်ဂူက ပြောပါတယ်။
လုံခြုံရေးနယ်ပယ်မှာ ပြင်ပအင်အားစုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ ထိုးဖောက်ဝင်ရောက်မှုကို တွန်းလှန်ဖို့ ဂျပန်က စစ်ရေးပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုကို ဆန့်ကျင်ဖို့ နှစ် နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုနက်ရှိုင်းအောင် လုပ်ဖို့ ရွှိုင်ဂူက တောင်းဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံက ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပူးတွဲကာကွယ်ဖို့ BRICS လို ဘက်စုံယန္တရားတွေမှာ တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ အသင့်ရှိနေတယ်လို့ ရွှိုင်ဂူက ပြောပါတယ်။
Source:Reuters











