DVB Logo
Home
မြန်မာသတင်း
ကဗျာဝကမ်းခြေတွင် မြေဈေး ၅ နှစ်အတွင်း ၁၀ ဆကျော်မြင့်တက်
DVB
·
March 22, 2018
ကဗျာဝကမ်းခြေတွင် မြေဈေး ၅ နှစ်အတွင်း ၁၀ ဆကျော်မြင့်တက်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကဗျာဝကျေးရွာရှိ ကဗျာဝကမ်းခြေ ပတ်ဝန်းကျင် မြေဈေးတွေ ၅ နှစ်အတွင်း ၁၀ ဆကျော် မြင့်တက်လာခဲ့ပြီး တဧကလျှင် ကျပ်သိန်း ၄၀၀ ကျော်အထိ ဖြစ်နေပါတယ်။

ရေးမြို့မှ ကတ္တရာလမ်းအတိုင်း ၄၅ မိနစ်လောက်သွားရင်ရောက်နိုင်တဲ့ အဲဒီကမ်းခြေမှာ ဒေသတွင်းနဲ့ ရန်ကုန်အခြေစိုက် ရင်းနှီးမြှုပ်နှံသူတွေက  မြေနေရာ ဝယ်ယူထားမှု များပြားပြီး တနှစ်ထက်တနှစ် ဈေးနှုန်း မြင့်တက်လာတာပါ။

ကမ်းခြေနဲ့ အနီး၊အဝေးအပေါ် မူတည်ပြီး တဧကကို ငွေကျပ်သိန်း ၃၀၀ မှ ၄၀၀ ကျော်ခန့်အထိ ဈေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကဗျာဝကျေးရွာနေ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးအောင်ယဉ်ဦးက “လွန်ခဲ့တဲ့ ၅ နှစ်က သိန်း ၄၀ တန်ဆိုရင် ခု သိန်း ၄၀၀ ကျော်နေပြီ၊ တချို့ဆို သိန်း ၅၀၀ နီးပါးလောက်အထိ ဖြစ်နေတယ်။ ထိုင်းနိုင်ငံအခြေစိုက် စီးပွားရေးလုပ်နေကြတဲ့ ဥရောပက နိုင်ငံခြားသားတွေလည်း မြေနေရာလာကြည့်နေတာ ရှိတယ်။ နှစ်ရှည် မြေငှားပြီးလုပ်မယ်လို့လည်း ပြောတယ်။ မြို့နယ်က နယ်ခံတွေအပြင် ရန်ကုန်က လုပ်ငန်းရှင်တွေလည်း ဒီမှာ မြေတွေ ဝယ်ထားကြတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အပတ်စဉ် ရုံးပိတ်ရက်တွေမှာ ဒေသတွင်း ခရီးသွားတွေနဲ့ ရန်ကုန်အခြေစိုက် ခရီးသွား အေဂျင်စီတို့က အပန်းဖြေလာရောက်သူတွေ ၁၀၀၀ လောက်ရှိနေပြီး နေ့စဉ် ၁၀၀ ကျော်လာရောက် လည်ပတ်နေတဲ့ အဲဒီကမ်းခြေအနီးမှာ ရန်ကုန်အခြေစိုက် ကုမ္ပဏီတခုက ဟိုတယ် ဆောက်လုပ်ဖို့ မြေနေရာ ရှင်းလင်းတာတွေ ဆောင်ရွက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“ယာယီတည်းခိုခန်းတွေတော့ ရှိပေမယ့် ကျေးရွာက လုပ်ငန်းရှင်တဦးက လာမယ့် သင်္ကြန်အမီ အဆင့်မီ ဘန်ဂလိုလေးတွေ လုပ်နေတယ်။ မြေနေရာချည်း ဈေးကောင်းရအောင် ဝယ်ယူထားတာမျိုး မဟုတ်ဘဲ တကယ်ရင်းနှီးမြှုပ်နှံဖို့ ဝယ်တာမျိုးပဲ ဖြစ်စေချင်တယ်။ လည်ပတ်သူ များလာတာနဲ့အမျှ စည်းနဲ့ကမ်းနဲ့ ဖြစ်စေချင်တယ်။ ဆိုင်ကယ်တွေနဲ့ ရွာဝထွက်ပြီး ကားတွေကို အလုအယက် ခေါ်နေတာတွေကိုလည်း တာဝန်ရှိသူတွေ တားဆီးပေးစေချင်တယ်”လို့ စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူတဦးက ပြောပါတယ်။

မတ်လ ၃ ရက်က မွန်ပြည်နယ် ဝန်ကြီးချုပ် ကမ်းခြေကို ရောက်ရှိစဉ် ကမ်းခြေ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ထိန်းသိမ်းရေးကော်မတီနဲ့ တွေ့ဆုံကာ ကျူးကျော်ဆိုင်ခန်း ထပ်မံမဖြစ်ပွားစေရေး၊ အမှိုက် စနစ်တကျစွန့်ပစ်ရေး၊ အနှောင့်အယှက်ဖြစ်စေတဲ့ ဧည့်သည် ခေါ်ယူမှု မရှိစေရေး၊ ယာဉ်ရပ်နားရန် နေရာစီစဉ်ထားရေးနဲ့ ကမ်းခြေသို့ သွားရောက်ရ လွယ်ကူစေရန် လမ်းညွှန်ဆိုင်းဘုတ်တွေ တပ်ဆင်ရေးတို့ကို မှာကြားခဲ့ပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013