DVB Logo
Home
မြန်မာသတင်း
ရခိုင်မြောက်ပိုင်းဖြစ်စဉ် အရေးယူခံရသူများတွင် ရဲမှူးချုပ်နှင့်တပ်မတော်တိုင်းမှူး ပါဝင်
DVB
·
March 14, 2018
ရခိုင်မြောက်ပိုင်းဖြစ်စဉ် အရေးယူခံရသူများတွင် ရဲမှူးချုပ်နှင့်တပ်မတော်တိုင်းမှူး ပါဝင်
Donate to DVB

ရခိုင်မြောက်ပိုင်း ဖြစ်စဉ်နဲ့ပတ်သက်လို့ အရေးယူထားတဲ့အထဲမှာ ရဲမှူးချုပ်တဦးနဲ့ တပ်မတော်က တိုင်းမှူးတဦး ပါဝင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနမှာ မတ် ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်စိစစ်လက်ခံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

“တပ်မတော်ကဆိုရင် တိုင်းမှူးအထိ အရေးယူပါတယ်။ ရဲတပ်ဖွဲ့ကဆိုရင် ရဲမှူးချုပ်တဦး အရေးယူထားတယ်။ ကျန်တဲ့သူတွေအဆင့်ဆင့်လည်း ရဲလုပ်ထုံးလုပ်နည်းအရ စစ်ဆေးနေတယ်။ တပ်မတော်က ထုတ်ပြန်ထားတဲ့အတိုင်း တိုင်းမှူးတဦးက သတ်သတ်။ အင်းဒင်ကိစ္စမှာ အရာရှိလေးဦးပါတယ်။ ရဲတပ်ဖွဲ့က ဖော်ထုတ်ရရှိတာ ရဲတပ်ဖွဲ့က နှစ်ဦးပါတယ်။ အရပ်သားသုံးဦးရှိတယ်။ ပေါ်ပေါက်တယ်။ တစ်ဦးက ဖမ်းဆီးရမိတယ်။ နှစ်ဦးက တရားခံပြေး ထွက်ပြေးနေတယ်၊ အင်းဒင်ကိစ္စမှာ။ ကျန်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ စစ်ဆင်ရေး ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ကျန်တဲ့ပြစ်မှုတွေနဲ့ စစ်စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီလို့ အရေးယူထားတာက တပ်မတော်က တိုင်းမှူးတဦးရှိတယ်။ ရဲတပ်ဖွဲ့က ရဲမှူးချုပ်တစ်ယောက်ရှိတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

မောင်တောမြို့နယ်၊ အင်းဒင်ရွာက သုသာန်မှာ အမည်မသိအလောင်း ၁၀ လောင်း တွေ့ရှိတယ်လို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဒီကိစ္စမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခဲ့မှု ရှိ/မရှိ စစ်ဆေးဖို့  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးတဲ့ အဖွဲ့ဝင် ၅ ယောက်ပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က သွားရောက် စစ်ဆေးခဲ့ပါတယ်။

ပြီးတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတချို့က သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာ ဖြစ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် စုစုပေါင်း ၃၈၄ ဦး ဖမ်းဆီးထားပြီး အကြမ်းဖက်ဥပဒေနဲ့ အရေးယူထားတာက ၂၄၈ မှုရှိတယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013