
ဗြိတိန်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီနဲ့ စစ်တပ်ဆိုင်ရာဝန်ကြီး အယ်လ်ကာန်းစ် တို့ဟာ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့ သဘောထားကွဲလွဲကာ ဇွန် ၁၁ ရက်မှာ ရာထူးကနေ အသီးသီး နုတ်ထွက်သွားကြပါတယ်။
စစ်ဝန်ကြီး အယ်လ်ကာန်းစ်က သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ အစိုးရအနေနဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို လုံလောက်အောင် မပံ့ပိုးပေးနိုင်သလို ကာကွယ်ရေးကဏ္ဍမှာလည်း ရင်းနှီးမြှုပ်နှံမှု အားနည်းနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
သူက ဝန်ကြီးချုပ် ကီယာစတာမာဆီ ပေးပို့တဲ့ နုတ်ထွက်စာထဲမှာ "ဗြိတိန်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပိုပြီးအန္တရာယ်များလာတဲ့ ကမ္ဘာကြီးထဲမှာ အေးချမ်းတဲ့ခေတ်က ဘတ်ဂျက်မျိုးနဲ့ လည်ပတ်နေရတယ်" လို့ ရေးသားခဲ့ပြီး အစိုးရကို အပြောင်းအလဲလုပ်ဖို့ တောက်လျှောက် တောင်းဆိုခဲ့ပေမဲ့ ဝန်ကြီးချုပ်ရုံးက နားမထောင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ရန်သူတွေက နောက်လာမဲ့ စစ်ပွဲအတွက် ပြင်ဆင်နေချိန်မှာ ဗြိတိန်ဟာ ပြီးခဲ့တဲ့စစ်ပွဲနဲ့ပဲ ကိုက်ညီတဲ့ စွမ်းဆောင်ရည်တွေကို ဝယ်ယူနေတာကြောင့် အစိုးရရဲ့ ကာကွယ်ရေးအသုံးစရိတ် စီမံကိန်းဟာ ပေါ်ပေါက်လာတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ မလုံလောက်ဘူးလို့ တော်ဝင်ရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ ကာန်းစ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီ ကလည်း ပြင်းထန်တဲ့ နုတ်ထွက်စာတစောင်နဲ့ အတူ ရုတ်တရက် နုတ်ထွက်သွားခဲ့ပါတယ်။
သူက ဝန်ကြီးချုပ် စတာမာအနေနဲ့ နိုင်ငံကိုကာကွယ်ဖို့ လိုအပ်တဲ့ အစိုးရ အရင်းအမြစ်တွေကို အသုံးမပြုနိုင်ဘူးလို့ စွပ်စွဲခဲ့ပါတယ်။
လက်ရှိ ဗြိတိန်ရေပိုင်နက်ထဲကို ရုရှားဘက်က မကြာခဏ ကျူးကျော်ဝင်ရောက်မှုတွေ ရှိနေလို့ ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို အမြန်ထုတ်ပြန်ဖို့ စစ်ဘက်ခေါင်းဆောင်တွေက တောင်းဆိုနေပေမဲ့ အစိုးရဘက်မှာတော့ ကြွေးမြီတွေ လျှော့ချဖို့ ရုန်းကန်နေရပါတယ်။
အခွန်ဝန်ထုပ်ဝန်ပိုးကလည်း ဆယ်စုနှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံး ဖြစ်နေတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကြား ဘတ်ဂျက်ကိစ္စ လပေါင်းများစွာ ညှိမရဘဲ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။
ဒီလို ထိပ်ပိုင်းဝန်ကြီးတွေရဲ့ နုတ်ထွက်မှုဟာ ဝန်ကြီးချုပ် စတာမာအတွက် အာဏာထိန်းရ ခက်ခဲစေပြီး ကြီးမားတဲ့ ဖိအားတွေ ဖြစ်လာစေပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း ကျန်းမာရေးဝန်ကြီး ဝက်စ်စထရီးတင်း နုတ်ထွက်သွားခဲ့သလို အခုအခါမှာလည်း အန်ဒီဘန်းဟမ်းက ဝန်ကြီးချုပ်ရာထူးကို စိန်ခေါ်ဖို့ ပြန်လည်ကြိုးပမ်းနေတာကြောင့် အစိုးရအဖွဲ့အတွင်း ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
Source: Reuters











