
အိန္ဒိယအစိုးရ အုပ်ချုပ်တဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်က ရာဂျိုရီမြို့မှာ ရုတ်တရက် ရေကြီးခဲ့ပြီး ဇူလိုင် ၁၉ ရက်မှာ လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ကာ အများအပြား ပျောက်ဆုံးနေတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
မိုးသည်းလို့ ဒါရာလီမြစ်ကမ်းပါးနဲ့ တာတမံတွေ ကျိုးပေါက် ရေလျှံခဲ့ပြီး အိမ်တွေ၊ ကားတွေ ပျက်စီးခဲ့သလို မြေနိမ့်ပိုင်းက ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
ပြည်ထောင်စုနယ်မြေတလျှောက် မိုးသည်းတာ၊ မိုးကြိုးမုန်တိုင်းတွေ ကျတာနဲ့ မိုးကြိုးပစ်တာတွေ ထပ်ဖြစ်နိုင်တယ်လို့ အိန္ဒိယမိုးလေဝသရုံးက သတိပေးခဲ့ပါတယ်။
ရေကြီးလို့ ပိုင်ဆိုင်မှုအားလုံး မျောပါသွားခဲ့ပြီး ကိုယ်ဝတ်ကိုယ်စားသာ ကျန်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
နောက်တယောက်က ရွှံ့ထဲမှာ ပိတ်မိနေတဲ့ ကားတွေကို တူးဖို့ မြေတူးသမားတွေကို တောင်းဆိုခဲ့ပါတယ်။
ထိခိုက်သူတွေကို ကူညီဖို့ အစိုးရက တတ်နိုင်သမျှ လုပ်သွားမယ်လို့ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ် ဝန်ကြီးချုပ် အိုမာ အဗ္ဗဒူလာက X လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲမှုက ဟိမဝန္တာ တောင်တန်းဒေသမှာ ရေကြီး မြေပြိုတာတွေကို ပိုပြင်းထန်စေပြီး ခဏခဏ ပိုဖြစ်လာစေတယ်လို့ သိပ္ပံပညာရှင်တချို့က ပြောခဲ့ပါတယ်။
Source: Reuters











