
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေ ၃ နာရီမှ ည ၁၁ နာရီအထိ စက်မှုလက်မှုလုပ်ငန်းတွေ လုံးဝမလုပ်ဖို့ မြို့နယ်လျှပ်စစ်ရုံးက သတိပေး ထုတ်ပြန်ထားတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ရွှေပေါက်ကံမြို့သစ်အတွင်း ညနေ ၃ နာရီကနေ ည ၁၁ နာရီထိဟာ အများပြည်သူကို လျှပ်စစ်ဓာတ်အားပေးတဲ့အချိန်ဖြစ်လို့ အဲဒီအချိန်ကို စက်မှုလက်မှုလုပ်ငန်းတွေ လုံးဝမလုပ်ဖို့ သတိပေး တားမြစ်တာလို့ အသေးစားလုပ်ငန်းရှင်တယောက်က DVB ကို ပြောပါတယ်။
“ပြီးခဲ့တဲ့လကတည်းက စာထုတ်ထားတာ၊ စက်မှုလက်မှုလုပ်ငန်းရှင်တွေလည်း သိရှိကြောင်း လက်မှတ်ထိုးထားရတယ်။ တချို့လုပ်ငန်းရှင်တွေက အလုပ်သမားတွေကို အချိန်ပို (OT) ခေါ်ပြီး ည ၁၂ နာရီနောက်ပိုင်း လုပ်ကြတယ်။ ခိုးပြီးလည်း မလုပ်ရဲဘူး။ ရွှေပေါက်ကံမှာက သတင်းပေးများတော့ ဖြစ်သွားရင် အတော်ရှင်းရမှာ။”
မြို့နယ်လျှပ်စစ်ရုံးရဲ့ သတ်မှတ်ချက်ဟာ မြို့နယ်အလိုက် ကွာခြားပြီး ရွှေပေါက်ကံမြို့နယ်က တခြားမြို့နယ်ထက် အချိန် ၂ နာရီ ပိုနေတယ်လို့ စက်မှုလုပ်ငန်းရှင်တယောက်က DVB ကို ပြောပါတယ်။
“တောင်ဒဂုံမှာ ညနေ ၅ နာရီကနေ ည ၁၁ နာရီ သတ်မှတ်တာ၊ ရွှေပေါက်ကံက ညနေ ၃ နာရီဆိုတော့ သတ်မှတ်ချက်ပြင်းတယ်။ မီးစက်မောင်းဖို့ ဆိုတာကလည်း ဆီတဂါလန်ကို ပြင်ပပေါက်စျေး ၃၅,၀၀၀ ရှိတော့ ရေရှည် ဒီအတိုင်းသာ ဆက်သွားရင် မလွယ်ဘူး။”
အဆိုပါသတ်မှတ်ချက်ဟာ ရွှေပေါက်ကံမြို့အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းတွေရှိတဲ့ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၂၀၊ ၂၁ နဲ့ ၂၂ ရပ်ကွက်တွေသာ အကျုံးဝင်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မြို့နယ်လျှပ်စစ်မန်နေဂျာရုံးက ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ရုံးအမိန့်စာအမှတ် ၂၉၄/၂၀၂၄ အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











