DVB Logo
Home
Lead Story
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာရဲ့ အနာဂတ်
DVB
·
February 12, 2018
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာရဲ့ အနာဂတ်
Donate to DVB

လူတယောက်ရဲ့ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ် ခန့်မှန်းဖို့ဟာ အလွန်ခက်ခဲ မရေရာလှတဲ့ကိစ္စဖြစ်တဲ့အတွက် အတတ်ပြောဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ပြောရမှာပါပဲ။ လူတွေရဲ့လုပ်ရပ် ကောင်းမှု မကောင်းမှုတွေကိုကြည့်ပြီး မကောင်းမှု ကျူးလွန်ခဲ့တဲ့သူတွေကို သူတို့ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေရဲ့ အကျိုးဆက်ကြောင့် မကောင်းတာ အသေအချာ ဖြစ်တော့မှာပဲ၊ ကောင်းမှုတွေ အလုပ်များခဲ့တဲ့သူတွေကို သူတို့တွေလုပ်ခဲ့တဲ့ ကောင်းမှုတွေရဲ့ အကျိုးဆက် ကောင်းတာတွေပဲ ဖြစ်လာတော့မှာပဲလို့ ပြောလို့မရနိုင်တာကတော့ မြန်မာနိုင်ငံမှာရော နိုင်ငံတကာမှာပါ လက်တွေ့အရ အသေအချာပြောလို့ ရနေတာကို အခိုင်အမာတွေ့နေရပါတယ်။

မကောင်းမှုတွေ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့သူတွေ တိုးတက်ကြီးပွား ပျော်ပွဲတွေဆင်နေကြပြီး အစဉ်အဆက် ကောင်းတာတွေကိုပဲ လုပ်ဆောင်ခဲ့တဲ့သူတွေက အဆင်မပြေဖြစ်ကြ၊ ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ရ၊ ဘဝပျက်ကြ၊ သေကျေပျက်စီးနေကြတာတွေကို မမြင်ချင်အဆုံး တွေ့မြင်နေရတဲ့ အချိန်အခါမို့ ကျနော် အထက်မှာ တင်ပြခဲ့တဲ့အချက်ကို သိပ်အငြင်းပွားစရာ ရှိကြမယ်မထင်ပါဘူး။

ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာကို အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဘင်္ဂလားဒေ့ရှ် အောက်ရုံးက ခါလီဒါအပေါ် အကျင့်ပျက်လာဘ်စားမှု ပြစ်မှု ၂ ခုနဲ့ ကော်မရှင်ရဲ့ စွဲချက်တွေကို အတည်ပြုပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို ၂၀၁၄ ခုနှစ် မတ်လ ၁၉ ရက်နေ့က ဗဟိုတရားရုံးက အတည်ပြု လက်ခံခဲ့တာ တွေ့ရပါတယ်။

သူ့အမှုမှာ အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဆင်းရဲချို့ငဲ့သူတွေကို ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့ ၂ ခုနဲ့ တခြားတခုက ခါလီဒါရဲ့ ကူညီကယ်ဆယ်ရေး အုပ်ချုပ်မှုအဖွဲ့တွေဟာ အမှန်တကယ်က စာရွက်တွေပေါ်မှာသာ တည်ရှိနေခဲ့ကြတာဖြစ်ပြီး အဲဒီအဖွဲ့ ၂ ဖွဲ့ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီ ပါတီက ရွေးကောက်ပွဲအနိုင်ရ ခါလီဒါ ဝန်ကြီးချုပ်ဖြစ်နေတဲ့ အချိန်က ကြီးမားတဲ့ ငွေကြေးပမာဏကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ခါလီဒါ တရားရုံးမှာ ရင်ဆိုင်နေရတဲ့အချိန်မှာ ရာပေါင်းများစွာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ ဒါကာမြို့တော်ရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီ ပါတီဘက်က လူတွေက အုတ်ခဲတွေနဲ့ ပုလိပ်တပ်ဖွဲ့ဝင်တွေကို ပစ်ပေါက်ခဲ့တဲ့အတွက် ပုလိပ်တပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ ကန့်ကွက်ဆန့်ကျင်သူတွေကို ပုလိပ်တပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံး ဖြိုခွဲခဲ့ပြီး လုံခြုံရေးအရ မကြုံစဘူး လုံခြုံရေးအစီအမံတွေ ချမှတ်ထားခဲ့ရပါတယ်။ အာဏာရဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ အဝါမီလိဂ်ပါတီနဲ့ ခါလီဒါဇီရာရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီ ပါတီဘက်က ထေက်ခံသူတွေ တက်ကြွလှုပ်ရှားသူတွေရဲ့ ပဋိပက္ခဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ရာမှာ အများကြီး ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်နေခဲ့တယ်လို့ ပြောရင် မမှားနိုင်ပါဘူး။

ဝန်ကြီးချုပ်ဟောင်း ခါလီဒါအဖို့ ဖြစ်ချိန်တန်လာလို့ပဲ ပြောရမလား၊ သူ့အပေါ် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ချက်အပေါ် ဒုတိယအကြိမ် အယူခံတင်သွင်းထားခဲ့တာကိုလည်း တရားရုံးချုပ်က ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပယ်ချခံခဲ့ရပါတယ်။

အဲဒါကြောင့်ပဲ ခု ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ အကျင့်ပျက်လာဘ်ပေးလာဘ်ယူမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာကို မိဘမဲ့ဂေဟာတခုအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကို အလွဲသုံးစားလုပ်မှုနဲ့ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၅ နှစ်ကျခံဖို့ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်သလို သူ့ရဲ့သားဖြစ်သူ တားရစ်ရာမန်ကိုလည်း အဲဒီအမှုအတွက်ပဲ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကတော့ သူ့ကို စီရင်ချက်မချခင်မှာဘဲ အများစုက မျက်ရည်လည်ရွဲ ဖြစ်နေကြတဲ့ သူ့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ထောက်ခံသူတွေကို “ငိုနေဖို့ မလိုပါဘူး။ ကျမ အဆင်ပြေပါတယ်။ ရှင်တို့ စောင့်ကြရပါလိမ့်မယ်။ ကျမပြန်လာမှာပါ။ စိတ်မပူပါနဲ့၊ ခိုင်မာအားကောင်းကြပါ” လို့ နှစ်သိမ့်အားပေးရင်း ပြောကြားခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဝန်ကြီးချုပ်ဟောင်းဟာ ပြစ်ဒဏ်စီရင်ခံရပြီးတဲ့အတွက် တနင်္ဂနွေနေ့အထိ ၃ ရက်တော့ အကျဉ်းထောင်ထဲမှာ နေရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းရဲ့ ရှေ့နေတွေက သူ့ကို ပြစ်ဒဏ်စီရင်ထားတဲ့ စီရင်ချက်ကို ကြာသပတေးနေ့မှာ မိတ္တူကူးယူနိုင်ခဲ့ပြီး အဲဒီမိတ္တူနဲ့ ဗဟိုတရားရုံးကို အယူခံတင်ဖို့ကတော့ မလွယ်လှပါဘူး။ အဲဒီလိုဆိုရင် သူတို့က အမှုကို တနင်္ဂနွေနေ့အထိ ရွှေ့ပေးရမှာပါ။ ခါလီဒါဇီရာကို အာမခံပေးမပေးကတော့ ဗဟိုတရားရုံးပေါ်မှာပဲ မူတည်မှာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာအတွက် ဒီထက်ပိုကြီးမားတဲ့ ပြဿနာကတော့ ဒီဇင်ဘာလမှာကျင်းပမယ့် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲကြီးမှာ ဝင်ရောက်အရွေးချယ်ခံခွင့် ရပါ့မလားဆိုတဲ့ ပြဿနာပဲဖြစ်မယ် ဆိုတာကတော့ သေချာပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တရားဥပဒေအရတော့ တယောက်ယောက်ဟာ အနည်းဆုံး ပြစ်မှုထင်ရှား ပြစ်ဒဏ် ၂ နှစ် စီရင်ချမှတ်တာကို ခံခဲ့ရရင် သူဟာ ရွေးကောက်ပွဲကို နောက် ၅ နှစ်အထိ ဝင်ရောက်အရွေးခံခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားခဲ့ပါတယ်။ ဒေလီစတား သတင်းစာကတော့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါရဲ့အမှုမှာ တရားရုံးချုပ်က သူ့ကို အာမခံပေးခဲ့ရင်တောင် ပြစ်ဒဏ်ချမှတ်ခံထားရတာကို အတည်ပြုထားတယ်ဆိုရင် သူဟာ ရွေးကောက်ပွဲဝင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။

တကယ်တော့ ခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဟာ လက်ရှိဝန်ကြီးချုပ်ဖြစ်တဲ့ ရှိတ်ဟာဆီနာရဲ့ အဓိကယှဉ်ပြိုင်ဘက်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာအတွက် ဒီဇင်ဘာလမှာကျင်းပမယ့် အမျိုးသားရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှုကို ပိတ်ပင်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ခါလီဒါဟာ သူ့ကို ပြစ်ဒဏ်မချမှတ်ခင် တရက်အလိုမှာအထိ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားပုံရပါတယ်။ သူက သူ့ပါတီကလူတွေကို စည်းစည်းလုံးလုံး ရှိနေကြဖို့ မှာကြားပြီး “အတိုက်အခံဟာကွက်ဖြစ်နေတဲ့ ပြိုင်ကွင်းတခုမှာ ဒီတခါတော့ ဘယ်သူ့ကိုမှ ဂိုးသွင်းခွင့်မပေးနိုင်ပါဘူး” လို့ ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာခဲ့တာဟာ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီ ပါတီအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာ မပါဘဲနဲ့ ရွေးကောက်ပွဲမှာ ဘယ်လောက် ထိထိရောက်ရောက် ယှဉ်ပြိုင်နိုင်မလဲလို့ သတင်းစာတွေက ဝေဖန်ရေးသားနေကြပါတယ်။ အထူးသဖြင့်က ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီ ပါတီအနေနဲ့ သူ့ရဲ့ပါတီခေါင်းဆောင် အကျဉ်းထောင်ထဲ ရောက်နေတဲ့အချိန် အဓိက အဟန့်အတား ပြဿနာကြီးနဲ့ ကြုံနေရတဲ့အချိန်မှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်တဲ့ အဝါမီလိဂ်ပါတီက အင်အားအပြည့်နဲ့ မဲဆွယ်စည်းရုံးနိုင်မှာဖြစ်တယ်လို့ ရေးသားဖော်ပြကြတာ တွေ့ရပါတယ်။

မစ္စစ်ဇီယာကတော့ သူ့ကို အဲဒီလိုစွဲချက်တွေ တင်တာဟာ နိုင်ငံရေးအခြေခံ အကြောင်းကြောင့်သာဖြစ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။ ဒီအကျင့်ပျက်လာဘ်စားမှု စွဲချက်နဲ့ အပြစ်ရှိတယ်ဆိုပြီး ပြစ်ဒဏ်ချမှတ်ခံရတာဟာ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာ တယောက်တည်းသာ မဟုတ်ဘဲ သူ့ရဲ့လက်ထောက် ၄ ယောက်လည်း အပါအဝင်ဖြစ်ပြီး သူ့သား တာရစ်ရာမန်ကတော့ လန်ဒန်မှာရောက်နေတဲ့အတွက် မျက်ကွယ်မှာ ပြစ်ဒဏ်စီရင်ခံရတာပဲ ဖြစ်ပါတယ်။

တကယ်တော့ မစ္စစ်ခါလီဒါဇီရာဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၇ ဦးမြောက်သမ္မတ မစ္စတာ ဇီရာ ရာမန်ရဲ့ဇနီး မုဆိုးမတယောက် ဖြစ်ပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီရွေးကောက်ပွဲမှာ သူ့ပါတီ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီကို ဦးဆောင်ပြီး ၁၉၉၁ ခုနှစ်မှာ ပထမဆုံး အစိုးရအဖွဲ့ခေါင်းဆောင် အမျိုးသမီးဝန်ကြီးချုပ်တယောက် ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် အောက်တိုဘာလမှာ ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ် အောက်တိုဘာ အထွေထွေရွေးကောက်ပွဲကြီး မတိုင်ခင် ရာထူးက ဆင်းပေးခဲ့ရသူဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေးသက်တမ်းအတွင်းမှာလည်း အကျင့်ပျက်လာဘ်စားမှု စွပ်စွဲမှုတွေနဲ့ လက်ရှိဝန်ကြီးချုပ်နဲ့ သူ့ရဲ့အဝါမီလိဂ်ပါတီတို့အကြား ကာလရှည်ကြာ နိုင်ငံရေးပြိုင်ဘက် ဖြစ်နေခဲ့တာတွေရဲ့ ဖျက်ဆီးတာတွေနဲ့ အများကြီး ကြုံတွေ့ခဲ့ရတာ တွေ့ရပါတယ်။ အဲဒီအခြေအနေအောက်မှာပဲ မစ္စစ် ခါလီဒါဇီရာနဲ့ မစ္စစ် ရှိတ်ဟာဆီနာတို့နှစ်ပောက်ဟာ တယာက်က အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာ တယောက်က အတိုက်အခံဖြစ်သလို တယောက်က အတိုက်အခံဖြစ်တဲ့အခါ တယောက်က အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ် ဆိုတာမျိုး တယောက်တလှည့် ဖြစ်ခဲ့ကြတာ ဟိုလွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ စုလောက်ကကတည်းကလို့ ပြောရမှာပါပဲ။

အခု ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာကို ပြစ်ဒဏ်စီရင်ချက်ချမှတ်ဖို့ အရေးမှာလည်း မြို့တော်နဲ့ တခြားမြို့ကြီးတွေမှာ လုံခြုံရေးကို အကြီးအကျယ် မြှင့်တင်ချထားပေးခဲ့ရပြီး ကျောင်းအတော်များများနဲ့ ဈေးဆိုင်အတော်များများကိုလည်း ပိတ်ထားခဲ့ရတယ်လို့ သတင်းမီဒီယာတွေက ဆိုပါတယ်။

ဒီနိုင်ငံရေးပါတီကြီး ၂ ခုရဲ့ အားပြိုင်မှုဟာ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရအပြီးမှာ ပိုပြီး ပြင်းထန်ကြမ်းတမ်းလာမယ့် အလားအလာ ရှိနေတာကို တွေ့နေရပါတယ်။ ကျနော် အထက်မှာ တင်ပြခဲ့သလို ဒီနိုင်ငံရေးပြဿနာ ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို အနှောင့်အယှက် ဖြစ်သထက်ဖြစ်လာရင်တော့ ပြည်သူလူထုအတွက် အကျိုးမရှိနိုင်တဲ့အပြင် အကျိုးဆုတ်ယုတ်စရာ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်။ ဒါကို ရွေးကောက်ပွဲမတိုင်ခင် ကာလအတွင်းမှာ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အစိုးရက ဆောင်ရွက်နိုင်ပါ့မလား။ ဒီဇင်ဘာရွေးကောက်ပွဲကရော အဆင်ပြေပြေ အောင်အောင်မြင်မြင် ကျင်းပနိုင်ပါ့မလား။ မစ္စစ် ခါလီဒါဇီရာရဲ့ အနာဂတ်ကရော တမျိုးတဖုံ ပြောင်းလဲသွားဦးမလား……..။         ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013