
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ၁၈၉၈ ခုနှစ်ကတည်းက ကျင့်သုံးလာတဲ့ မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ စည်းမျဉ်းကို ကန့်သတ်ဖို့ သမ္မတက တိုက်ရိုက်ထုတ်ပြန်လိုက်တဲ့ အမိန့်ဟာ ဥပဒေနဲ့ ညီ မညီ ဆိုတာကို အမေရိကန်တရားရုံးချုပ်မှာ ဧပြီ ၁ ရက်မှာ ကြားနာစစ်ဆေးတော့မှာဖြစ်ပြီး အဲဒါကို မကြားနာခင် မတ် ၃၁ ရက်မှာပဲ သမ္မတ ထရမ့်ပ်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ကန့်ကွက်စကားတွေ ပြောလိုက်ပါတယ်။
“မွေးရာပါနိုင်ငံသားဖြစ်ခွင့်ဆိုတာ ကျွန်တွေရဲ့ ကလေးတွေနဲ့ပဲ သက်ဆိုင်တာဖြစ်ပြီး ကလေး ၅၆ ယောက်လောက်ကို အမေရိကန်နိုင်ငံသားဖြစ်အောင် လုပ်နေတဲ့ တရုတ်ဘီလီယံနာတွေနဲ့ မဆိုင်ပါဘူး။ ဒါဟာ ဒီဘက်ခေတ်ရဲ့ အကြီးမားဆုံး လိမ်လည်လှည့်ဖြားမှုတွေထဲက တခုပဲ!” ဆိုပြီး ထရမ့်ပ်က သူ့ရဲ့ လူမှုမီဒီယာဝက်ဘ်ဆိုက် Truth Social မှာ တင်ခဲ့ပါတယ်။
ဧပြီ ၁ ရက်မှာတော့ နှစ်ပေါင်း ၁၂၈ နှစ်ကြာ လက်ခံလာခဲ့တဲ့ စည်းမျဉ်းတခုကို ပြင်ဆင်ဖို့ တရားရုံးချုပ်မှာ အငြင်းပွားကြမှာဖြစ်ပြီး မိဘနှစ်ပါးစလုံးက အမေရိကန်နိုင်ငံသား မဟုတ်ရင် ဒါမှမဟုတ် တရားဝင် အမြဲတမ်းနေထိုင်ခွင့် ရထားသူ မဟုတ်ရင် အမေရိကန်မှာ မွေးလာတဲ့ ကလေးတွေကို အလိုအလျောက် နိုင်ငံသားဖြစ်ခွင့် မပေးတော့ဘူးဆိုတဲ့ ထရမ့်ပ်ရဲ့ အမိန့်အပေါ် တရားသူကြီးတွေက ဗုဒ္ဓဟူးနေ့မှာ ကြားနာကြမှာပါ။
ရီပတ်ဘလစ်ကန်ပါတီဝင် သမ္မတ ထရမ့်ပ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ဒုတိယသက်တမ်း ပြန်လည်တာဝန်ထမ်းဆောင်တဲ့ ပထမနေ့မှာပဲ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုရဲ့ တစိတ်တပိုင်းအဖြစ် ဒီအမိန့်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်မယ်လို့ သူ နှစ်ပေါင်းများစွာ ခြိမ်းခြောက်ပြောဆိုခဲ့တာတွေကို လက်တွေ့ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
အစိုးရအဖွဲ့ကတော့ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ကြောင့် လူဝင်မှုကြီးကြပ်ရေးကဏ္ဍမှာ တရားမဝင် ခိုးဝင်တာတွေ ပိုများလာသလို နိုင်ငံခြားသားတွေက သူတို့ကလေးကို နိုင်ငံသားဖြစ်အောင် အမေရိကန်မှာ လာမွေးကြတဲ့ “ကလေးမီးဖွား ခရီးသွားလုပ်ငန်း” (birth tourism) တွေ ဖြစ်လာတယ်လို့ ပြောပါတယ်။
ဝေဖန်သူတွေကတော့ ထရမ့်ပ်ရဲ့လုပ်ရပ်ဟာ လူမျိုးရေးခွဲခြားတဲ့ လူဝင်မှုကြီးကြပ်ရေးဆန့်ကျင်ရေး အမြင်ပေါ်မှာ အခြေခံထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံးဝမညီဘူးလို့ ထောက်ပြနေကြပါတယ်။
ထရမ့်ပ်ရဲ့ အမိန့်အရ တရားမဝင် ခိုးဝင်နေထိုင်သူတွေရဲ့ ကလေးတွေတင်မကဘဲ ကျောင်းသားဗီဇာ ဒါမှမဟုတ် အလုပ်ဗီဇာ အပါအဝင် ယာယီလာနေထိုင်သူတွေကနေ မွေးလာတဲ့ ကလေးတွေကိုလည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။
Source: Reuters










