
ယူကရိန်း MiG-29 ဂျက်တိုက်လေယာဉ် ၂ စင်းကို ဖျက်ဆီး ပစ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားသလို ဗော်ဂိုဂရက်မှာရှိတဲ့ ရုရှားစစ်ဘက်ဆိုင်ရာ စက်ရုံတွေကို ယူကရိန်းက တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းတောင်ပိုင်းမှာရှိတဲ့ လေယာဉ်ကွင်းမှာရှိတဲ့ MiG-29 ၂ စင်းကို ဒရုန်းတွေနဲ့ စနေနေ့က တိုက်ခိုက်ခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
MiG-29 ၁ စင်းက ရပ်ထားပြီး နောက် ၁ စင်းက ဂိုထောင်ထဲမှာ ဆီဖြည့်နေစဉ် တိုက်ခိုက်ခံရတယ်လို့ သတင်းတွေက ဖော်ပြသလို MiG-29 တိုက်လေယာဉ်တွေ မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းတွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရုရှားသမ္မတ ဇလန်းစကီးကလည်း ဖလာမင်ဂိုဒုံးကျည်တွေနဲ့ ရုရှားစစ်လက်နက် စက်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာမှာ စနေနေ့က ဖော်ပြခဲ့ပါတယ်။
အဲဒီစက်ရုံတွေဟာ ရုရှားအမြောက်တပ်တွေအတွက် အဓိကထုတ်ကုန်တွေ ထုတ်လုပ်ပေးနေတဲ့ ကြီးမားတဲ့ စက်ရုံကြီးတွေလို့ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းကို ထိုးစစ်ဆင်တဲ့နေရာမှာ ဒီစက်ရုံက ထုတ်လုပ်မှုတွေက အရေးပါတယ်လို့ ဆိုပြီး ယူကရိန်း တိုက်ခိုက်မှုကြောင့် စက်ရုံ မီးလောင်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဇလန်းစကီးရဲ့ ပို့စ်မှာ ယူကရိန်းဟာ ရုရှားကို တာဝေးပစ်တိုက်ခိုက်ဖျက်ဆီးရေး လုပ်ငန်းမျိုးတွေ တိုးချဲ့လုပ်ဆောင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
Source: Reuters










